၂၀၁၄ မြန်မာ့သန်းခေါင်စာရင်း တိကျမှန်ကန်စွာကောက်ယူနိုင်ရေးအတွက် တိုင်းရင်းသား နယ်မြေတချို့၌ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ လက်တွဲပါဝင်ကူရေးလိုအပ်နေသည်ဟု ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ချင်းမိုင်ရောက်စဉ် ပြောကြားလိုက်သည်။
ဒီဇင်ဘာ ၃၀ ရက်နေ့ နံနက် ၉.၀၀ မှ ၁၂.၃၀ နာရီ အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဟောလီဒေးအင်း၌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့်အဖွဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ လူထုအခြေပြုအဖွဲ့အစည်းများနှင့်တွေ့ဆုံကာ မြန်မာ့သန်းခေါင်စာရင်းကောက်ယူရေးတွင် စာရင်းမှန်ရရှိရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်လက်တွဲမှု ကမ်းလှမ်းခဲ့သည်။
“အခုက UWSA တို့ မိုင်းလားတို့ KNPP တို့က သန်းခေါင်စာရင်းကောက်ယူရေးမှာ လက်တွဲဖို့ ပြောထား ပြီးပြီ။ တခြားအဖွဲ့တွေလဲ ပါဝင်ဖို့ လိုအပ်တယ်။ တဖွဲ့ချင်းတွေ့ဖို့ လိုအပ်ရင်လဲ ကျနော် ကိုယ်တိုင်သွား တွေ့ မယ်။ မိမိတို့ဘာသာစကားနဲ့ပဲကောက်ကောက် ပြဿနာမရှိဘူး။ အမှန်အတိုင်းဖြေပေးဖို့ပဲလို အပ်တယ်။” - ဟု ဝန်ကြီး ဦးခင်ရီက ပြောသည်။
အပစ်ရပ်တိုင်းရင်းသားနယ်မြေတွင် အိမ်ခြေဘယ်လောက်၊ လူဦးရေဘယ်မျှ သိရှိဖို့လိုအပ်ကြောင်း၊ သို့မှသာ စာရင်းကောက်ယူရာတွင်လည်း လိုအပ်သည့် တာဝန်ခံ မည်မျှစေလွှတ် သင်တန်းယူမည်ကို သိရှိ နိုင်မည်ဖြစ်ကြောင်း၊ စာရင်းမှန် ကောက်ယူရေးအတွက် လိုအပ်သည့် အချက်အလက် အသုံးစရိတ် အားလုံး ကူညီပေးသွားမည် ဖြစ်ကြောင်းလည်း ဦးခင်ရီက ပြောကြားသည်ဟုဆိုသည်။
လူဦးရေသန်းခေါင်စာရင်းကောက်ယူရာတွင် အိမ်ထောင်စုစာရင်း၊ လူပုဂ္ဂိုလ်နာမည် အမှန်ဖြည့်ရေး အတွက် ဦးစားပေးကောက်ယူလျှင် စာရင်းမှန် ရရှိနိုင်မည်မဟုတ်ကြောင်း ကေအဲန်ယူမှ ပဒိုမန်းမန်းက ထောက်ပြသည်။
ထို့အတူ ဝန်ကြီး ဦးအောင်မင်းကလည်း သန်းခေါင်စာရင်း တိကျမှန်ကန်စွာကောက်ယူရေးမှ တိုင်းရင်း သားတို့အခွင့်အရေးနစ်နာဆုံးရှုံးမှုလုံးဝမရှိစေရကြောင်း ဝန်ခံကတိ ပေးသွားသေးသည် ဟုလည်း ဆိုသည်။
“ တိုင်းရင်းသား ၁၃၅ မျိုးနဲ့ပတ်သက်ပြီးတော့လဲ ဆွေးနွေးသွားတယ်။ ဦးခင်ရီက အဲတာ ၁၉၈၃ ကမူကို ယူထားတာ။ တကယ်တမ်းကောက်ယူတဲ့အချိန်ကျရင် အမှန်အတိုင်းဖြေပေးရင် အဲလောက်ရှိချင်မှရှိ မယ်။ အဲဒီအတွက် အခု တိုင်းရင်းသားအလိုက် အခု စည်းရုံးရေးဆင်းနေမှုနဲ့ဆိုင်တယ်။ ဥပမာ အခု သျှမ်းတို့ မွန်တို့ လုပ်နေသလိုလေ။ သူတို့ပိုင်ပိုင်နိုင်နိုင် လုပ်ထားရင် အဲ့အချိန်ရောက်ရင် မခက်တော့ ဘူး လို့ပြောတယ်” ဟု ဆွေးနွေးပွဲတက်ရောက်သူ တဦး ကပြောသည်။
ကပြားကလေးများအတွက်မူ အသက် ၁၅ နှစ်ပြည့်ပါက ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိသည်ဟု ယူဆပြီးဖြစ် ကြောင်း၊ ၁၅ နှစ်မပြည့်သေးသူ ကပြားကလေးများအတွက် မိဘမှဆုံးဖြတ်ပေးရမည်ဖြစ်ပြီး မိဘများမှာ လမ်းခွဲခဲ့ကြသူများဖြစ်ပါက ဖခင်၏ မျိုးရိုးဘက်က ယူရမည်ဖြစ်ကြောင်း ပြောဆိုဆွေးနွေးခဲ့ကြသည်ဟု ဆိုပါသည်။
ကမ္ဘာ့လူဦးရေစာရင်းတွင် မှတ်တမ်းတင်ရေးအတွက် ပြည်ထောင်စုမြန်မာနိုင်ငံ လူဦးရေ သန်းခေါင် စာရင်းအား မတ်ခ်ျ ၂၉ ရက် ညသန်းခေါင်မှ ဧပြီ ၁၀ ရက်နေ့ညသန်းခေါင်အထိ စစ်တမ်းကောက်ယူ သွားမည်ဖြစ်သည်။