သျှမ်းပြည်လူဦးရေစာရင်းကော်မတီ ထိုင်းအခြေစိုက် လူမှုအဖွဲ့များနှင့်တွေ့ဆုံ

သျှမ်းပြည်လူဦးရေစာရင်းကော်မတီ ထိုင်းအခြေစိုက် လူမှုအဖွဲ့များနှင့်တွေ့ဆုံ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်လူဦးရေစာရင်းအမှန်သိရှိရေးကော်မတီဝင်တချို့ ထိုင်းနိုင်ငံရှိ လူမှုအဖွဲ့အစည်းများနှင့်တွေ့ဆုံကာ လာမည့်နှစ် တပြည်လုံး လူဦးရေစာရင်းကောက်ယူရာတွင် ပြည်ပရောက် သျှမ်းပြည်သားစာရင်း ကျကျန်မှုမရှိရေးအတွက် ဆွေးနွေးခဲ့ကြ သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြီးခဲ့သည့် စနေနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့က တွေ့ဆုံခဲ့ကြရာ ချင်းမိုင်၊ ဘန်ကောက်မှ ကိုယ်စားလှယ် ၄၀ ခန့် ဝင်ရောက်ဆွေးနွေးခဲ့ကြကြောင်း ဆွေးနွေးပွဲတက်ရောက်သူ စိုင်းနောင့် က ပြောသည်။

“ကော်တီဝင် စိုင်းအိုက်တိုင်းက - သျှမ်းပြည်သားတွေ  တယောက်မှ စာရင်းကျကျန်တာ မရှိရလေအောင် ထိုင်းမှာရှိတဲ့ လူမှုအသိုင်းအဝိုင်း လှုပ်ရှားသူတွေနဲ့လက်တွဲပြီး စာရင်းကောက်ယူဖို့ ဖြစ်ပါတယ်။ ဒီဘက်မှာ  မှတ်ပုံတင်မရှိတဲ့သူတွေ  အိမ်ပြန်ပြီး မှတ်ပုံတင်လုပ်ဖို့ တိုက်တွန်းပေးဖို့ ဆွေးနွေးတယ်။ တကယ်လို့ အိမ်ပြန်ပြီး မှတ်ပုံတင်လုပ်မယ်ဆိုရင် လမ်း စရိတ်ပဲ ကုန်မယ်။ မှတ်ပုံတင်လုပ်ခ မကုန်ရဘူး- လို့ပြောတယ်” ဟု ဆိုပါသည်။

ထို့အပြင် လူဦးရေကောက်ယူရေးသင်တန်းအတွက် ထိုင်းနိုင်ငံဘက်မှလည်း ကိုယ်စားလှယ်များ ပို့ပေးရန်အတွက်ပါ ဆွေးနွေးခဲ့သည်ဟု ဆိုပါသည်။

သျှမ်းပြည်လူဦးရေစာရင်းကောက်ယူရေးအတွက် သင်တန်းကို သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့နယ်နှင့် သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ်တို့တွင် ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သျှမ်းပြည်လူဦးရေကောက်ယူ ရေးကော်မတီ စည်းရုံးရှေးမှူး စိုင်းသန်းမောင်က ပြောပါသည်။

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင်လည်း အဆိုပါ သင်တန်းဖွင့်လှစ်ရန်ရှိကြောင်း တာချီလိတ်  ကျားဖြူပါတီဝင် မြို့ခံ လူငယ်တဦးကပြောသည်။

“ဒီတခါ စာရင်းပေးဖို့ လွတ်သွားရင်တော့ သျှမ်းပြည်သားတွေအတွက် စိုးရိမ်စရာဘဲ။ ဒါကြောင့် လွတ်တာ ကျန်တာ မရှိရ အောင် တတ်နိုင်သလောက် တိုက်တွန်းသွားမယ်။ ပြည်ပမှာ သျှမ်းပြည်က လူဦးရေစာရင်း ဘယ်လောက်ရှိလဲဆိုတာ အတိအကျ သိရဖို့ ကြိုးစားသွားမယ်” - ဟု သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့ခံတဦး ကလည်း ပြောပါသည်။

လာမည့်နှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ တနိုင်ငံလုံး လူဦးရေစာရင်း ကောက်ယူမည် ဖြစ်သည်။ ပြည် တွင်းပြည်ပမှ သျှမ်းပြည်သားအားလုံး ပါဝင်နိုင်ရေးအတွက် သျှမ်းပြည်လူဦးရေစာရင်း ကောက်ယူရေးကော်မတီက နိုဝင်ဘာလနှောင်းပိုင်းတွင် သျှမ်းပြည်တောင်ပိုင်း၊ အရှေ့ပိုင်းသို့ ကွင်းဆင်းကာ အသိပေး ဟောပြောစည်းရုံးခဲ့သည်။ တစ်မြို့နယ်လျှင် ကိုယ်စားလှယ် အနည်းဆုံး ၁၀ ဦး သင်တန်းတက် ရောက်ရန် တိုက်တွန်းခဲ့သည်ဟု ဆို၏။

Most read this week