သဘာဝ သယံဇာတ ထုတ်လုပ်ရေးပွင့်လင်းမြင်သာမှုအလုပ်ရုံဆွေးနွေးပွဲကျင်းပ

သဘာဝ သယံဇာတ ထုတ်လုပ်ရေးပွင့်လင်းမြင်သာမှုအလုပ်ရုံဆွေးနွေးပွဲကျင်းပ
by -
သျှမ်းသံတော်ဆင့်

အစိုးရရုံးစိုက်ရာ ပျဉ်းမနား နေပြည်တော်တွင်  သဘာဝ သယံဇာတ တူးဖော်ထုတ်လုပ်ရေးကဏ္ဍ စီမံအုပ်ချုပ်မှုနှင့် ပွင့်လင်း မြင်သာမှု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

သယံဇာတ ထုတ်လုပ်ရေး လုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှုရှိစေရေး ကြိုးပမ်းမှု (EITI) အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်လာရန် အတွက် ကုမ္ပဏီနှင့်အစိုးရဘက်မှ ပွင့်လင်းမြင်သာစွာဖြင့် ပြည်သူလူထုအား ပြန်လည်ဖော်ပြပေးရမည်ကို ၄င်းအလုပ်ရုံဆွေး နွေးပွဲတွင် ဆွေးနွေးခဲ့ကြသည်ဟု သျှမ်းတိုင်းရင်းသား များဒီမိုကရက်တစ်ပါတီ ၏ လင်းခေးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအိုက်အေး  က ပြောသည်။

“အစိုးရက လုပ်ငန်းရှင် ကုမ္ပဏီ တွေနဲ့ အလုပ်လုပ်တာ ပြည်သူတွေသိအောင် တခါမှ မကြေညာဖူးဘူး၊ EITI အဖွဲ့ဝင်ရင်တော့ ပွင့်လင်းမှုရှိလာမယ် ဆိုတာ ကျွန်တော်လဲ လက်ခံတယ်၊ အစိုးရ ဖက်ကလည်း အရပ်ဖက် လူမှုအဖွဲ့အစည်း တွေအပေါ်မှာ ပွင့်ပွင့်လင်းလင်း ရှိလာမယ်၊ ဒီလိုလုပ်တာ  ကောင်းလည်းကောင်းပါတယ်” ဟု ဦးစိုင်းအိုက်အေးက ပြောသည်။

ရင်းနှီးမြုပ်နှံသောကုမ္ပဏီဘက်မှ သဘာဝသယံဇာတ သတ္တုတူးဖော်ရေးမှရသည့်အမြတ်ငွေကိုနိုင်ငံတော် အစိုးရထံ ပြန်လည်  အခွန်ဆောင်ရမည်၊ အစိုးရမှလည်း ရသည့်အခွန်ကို မည်သို့အသုံးပြုသည်ကို  ပွင့်ပွင့်လင်းလင်း နှင့် ပြည်သူတွေအပေါ် ပြန်လည်ဖော်ပြ ရမည် အကြောင်းကိုဆွေးနွေးသွားသည်ဟု ဦးစိုင်းအိုက်အေး က ပြောသည်။

အဆိုပါ သဘာဝသယံဇာတတူးဖော် ထုတ်လုပ်ရေးကဏ်ဏ္ဍတွင် စီမံအုပ်ချုပ်မှုနှင့် ပွင့်လင်းမြင်သာမှုဆိုင်ရာ ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၆-၁၈ ရက်အထိ ကျင်းပခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်တွင်းသတ္တု တွင်းလုပ်ငန်းရှင်များ၊အရပ်ဖက်လူမှုအဖွဲ့အစည်း များ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးတာဝန်ခံများ၊ ပညာရပ်ပိုင်းဆိုင်ရာလေ့လာစိတ်ဝင်စားသူများ ပါဝင်တက်ရောက် ကြသည်ဟုဆိုပါ သည်။

“အစိုးရ ဖက်ကတော့ သဘာဝ သယံဇာတ ထုတ်ယူသုံးစွဲတဲ့နေရာမှာ ဗဟိုကပဲ ထုတ်ယူသုံးစွဲဖို့ မသင့်ဘူး၊ တိုင်းရင်းသားဒေသ မှာရှိတဲ့ သယံဇာတတွေကော တခြားဒေသ မှာရှိတဲ့ သယံဇာတ တွေမှာကော   ပြည်သူလူထုက သိရှိသဘော တူ ပြီးမှသာ ထုတ်ယူရင်တော့ ကောင်း တာပေါ့။ နောက်တစ်ခုက ရလာတဲ့ အကျိုးအမြတ်တွေကိုလည်း  အစိုးရကနေ အဲ့ဒီဒေသမှာရှိတဲ့ ပြည်သူ လူထုတွေအတွက် ပြန်ပြီးတော့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ပေးသင့်တယ်”  ဟု မွန်လူမှု ဖွံ့ဖြိုးရေး ကွန်ယက်မှ ဒုတိယ ညှိနှိုင်း ရေးမှူး တာဝန်ခံ ဆရာဦးမင်းမင်းနွယ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

နိုင်ငံပိုင် ဘဏ်ဏ္ဍာ၊ ရန်ပုံငွေများ၊ မည်သည့်နေရာသို့သွားသည်၊ အသုံးချသည်ဆိုသည့် ကိစ္စများ၌ အရပ်ဖက် လူမှုအဖွဲ့အစည်း များနှင့် တိုးတက်လုပ်ဆောင်လာခြင်း၊ ဒေသခံပြည်သူများ၏အသံကို ပိုမို အသိအမှတ်ပြုလာခြင်းသည် ပွင့်လင်း မြင်သာမှု အတွက် ကောင်းမွန်ခြင်း ဖြစ်သည်။ ပွင့်လင်းမြင်သာမှု တိုးတက်လာစေရေးအတွက် အစိုးရ၏ အစီအစဉ်တစ်ခု၊ အရေးပါသည့် ခြေလှမ်းတစ်ရပ် အဖြစ်  သယံဇာတ ထုတ်လုပ်ရေးလုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှုရှိစေရေး ကြိုးပမ်းမှု(EITI)သို့ပါဝင်ရန် ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်းတွင် ဆုံးဖြတ်ခဲ့ ကြောင်း  နိုင်ငံတကာမြန်မာ့သတင်း ( BNI ) မှထုတ်ဝေသော ငြိမ်းချမ်းရေးနှင့် ပဋ္ဋိပက္ခစစ်ပွဲများဆိုင်ရာ မြန်မာ့စီးပွားရေး  အခြေအနေ ဟူသော အစီရင်ခံစာ စာအုပ်တွင် ဖော်ပြထားသည်။  

Most read this week