၂၁၀၈ ခုနှစ် သျှမ်းနှစ်သစ်ကြိုဆိုပွဲတော် နှင့် သျှမ်းစာဆိုတော်များဂုဏ်ပြုပွဲအခမ်းအနားသို့ သမိုင်းဝင် သျှမ်းခေတ်ပေါ်တေးဂီတ အဆိုတော် စိုင်းဆိုင်မောဝ်အားဖိတ်ကာ ဂုဏ်ပြုပွဲကျင်းပပေးမည်ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာ ၃ ရက်နေ့ တွင်ကျရောက်မည့် သျှမ်းနှစ်သစ်ကူး အခါသမယအား ကြိုဆိုရန် ချင်းမိုင်သျှမ်း စာပေယဉ်ကျေးမှုအသင်းမှ ဦးဆောင်ကမကထပြု၍ ချင်းမိုင်မြို့ ဝတ်ဂူတော့ဝ် ဘုန်းကြီးကျောင်းတွင် အခမ်းအနားကျင်းပမည် ဖြစ်ကြောင်း၊ အခမ်းအနားသို့ သျှမ်းစာဆိုတော် တေးရေးဆရာဒေါက်တာ စိုင်းခမ်းလိတ်၊ အဆိုတော် စိုင်းဆိုင်မောဝ် တို့အားဖိတ်ကြားထားကြောင်း အသင်းဥက္ကဌ ဖြစ်သူ စိုင်းဆိုင်ယ က ပြောသည်။
“ကျနော်တို့ နှစ်စဉ်နှစ်တိုင်း သျှမ်းနှစ်သစ်ကူးပွဲတော်နဲ့အတူ သျှမ်းစာဆိုတော်တွေကို ဂုဏ်ပြုပွဲပါ လုပ်နိုင်ဖို့ ကြိုးစားသွားမယ်။ ဒီနှစ်တော့ အဆိုတော် စိုင်းဆိုင်မောဝ် နဲ့ ဒေါက်တာစိုင်းခမ်းလိတ် ကို ဖိတ်ထားတယ်။ ဒါပေမယ့်လာမှာကတော့ စိုင်းဆိုင်မောဝ်တယောက်ပါဘဲ၊ စိုင်းခမ်းလိတ်ရေးတဲ့သီချင်းတွေ၊ စိုင်းဆိုင်မောဝ် ဆိုတဲ့သီချင်းတွေကြောင့် အမျိုးသားရေးဘက် လှည့်လာသူတွေများတာတွေ့ရတယ်။ ဒါကြောင့် သူတို့ကိုချီးမြှင့်ဖို့ စီစဉ်ရတာဖြစ်ပါတယ်” - ဟု ပြောသည်။
ဒေါက်တာစိုင်းခမ်းလိတ်မှာမူ စစ်ကိုင်းတိုင်း ခမ်းတီးသျှမ်းနှစ်သစ်ကူးပွဲတော် တက်ရောက်မည်ဟု ယခင်ကတည်းက ကတိပေးထားသောကြောင့် ယခုနှစ်ချင်းမိုင်ပွဲ တက်ရောက်နိုင်မည်မဟုတ်ကြောင်း စိုင်းဆိုင်ယ က ဆက်ပြောသည်။
အဆိုတော်စိုင်းဆိုင်မောဝ်ကမူ “ ပွဲတော်မတိုင်ခင်တရက် နှစ်ရက်လောက်တော့ ကျနော်ချင်းမိုင်ကို လာမယ်။ တီးဝိုင်းအဖွဲ့ ၄ - ၅ ယောက် လဲပါလာမယ်။ အဲဒီနောက်တော့ ကျနော် ဘန်ကောက်ဆက် သွားဖို့ ပြင်ဆင်ထားပါတယ်” - ဟု အဆိုတော် စိုင်းဆိုင်မောဝ် က ပြောသည်။
ယခုနှစ်သည် သျှမ်းနှစ် ၂၁၀၇ ခု မြွေနှစ်ကုန်ဆုံးပြီး ၂၁၀၈ ခု မြင်းနှစ်အားကြိုဆို ကြမည်ဖြစ်သည်။
သျှမ်းနှစ်အား မိုင်းမောလုံ (မိူင်းမ္ဂဝ်းလူင်) တိုင်း (သျှမ်း)နိုင်ငံတည်ထောင်သည့်နှစ်မှစ၍ အသစ်ပြန်လည် ရေတွက်သည်ဟု ပြောဆိုသည့် သမိုင်းဆရာများရှိသကဲ့သို့ အချို့သျှမ်းသမိုင်း ဆရာများကလည်း အန္ဒိယ မှ သျှမ်းဌာနီသို့ ဗုဒ္ဓတရားတော် ပိဋကတ် သုံးပုံ ရောက်ရှိသည့်နှစ်မှစတင်ကာ နှစ်ဟောင်းများအား ဖြိုဖျက်၊ အသစ်ပြန်လည်စတင် ရေတွက်လာခြင်းသည်ဟု ပြောဆိုရေးသားကြသည်။