သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDPနှင့် ပူးပေါင်းရေးအတွက် ကော်မတီဖွဲ့ပြီး ကမ်းလှမ်းထားပါသည်။
SNDP နှင့် ပူးပေါင်းရန် SNLD ဒုတိယ ဥက္ကဌ စိုင်းစောအောင် ဦးဆောင်သည့် အဖွဲ့ဝင် ၅ ဦးပါဝင်သည့် ဆွေးနွေးညှိနှိုင်း ရေးအဖွဲ့ ဖွဲ့စည်းကာ နိုဝင်ဘာ ၁၆ ရက်နေ့က SNDP ဥက္ကဌထံ စာပို့ခြင်းဖြစ်သည်။
“ပေါင်းစည်းဖို့ ကျနော်တို့ ပြင်ဆင်ထားတယ်။ ကျနော်ကိုယ်တိုင် ဦးဆောင်တဲ့ အဖွဲ့ဝင် ၅ ယောက်ပါတဲ့ ဆွေးနွေးညှိနှိုင်း ရေးအဖွဲ့ ဖွဲ့ထားတယ်။ ဘာဆက်လုပ်မလဲဆိုတာ ဟိုဘက်ကသဘောထား နဲ့ ပြန်ကြား ချက်ကိုစောင့်နေ ပါတယ်။ ပေါင်းဖို့ အတွက် ကမ်းလှမ်းစာကိုတော့ ကျားဖြူ ဥက္ကဌအပြင် နှစ်ပါတီလုံးရဲ့ မြို့နယ်ဥက္ကဌ တိုင်းကိုလဲ စာပို့ထားတယ်” - ဟု SNLD ၏ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် စိုင်းစောအောင်က ပြောပါသည်။
သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်းကလည်း ကျားခေါင်းပါတီ ခေါ် SNLD နှင့် ပေါင်းစည်းနိုင်ဖို့ ယခုနှစ်ဦးပိုင်း တာချီလိတ်မြို့၌ ကျင်းပသည့် ကျားဖြူညီလာခံ၌ ဖွဲ့စည်းထားကြောင်း ပြောပါသည်။
“ကျားခေါင်းနဲ့တင် မဟုတ်ဘူး။ ကျားနီ(သျှမ်းနီပါတီ) နဲ့ ပေါင်းစည်းရေးအတွက်လဲ ညှိနှိုင်းဖို့ ကျနော်တို့ ဒုတိယ ဥက္ကဌ စိုင်းဆောင်ဆီ ဦးဆောင်တဲ့ကော်မတီဖွဲ့ထားပြီးပြီ။ ဒီကိစ္စ ကျနော်တို့ နှစ်ပတ်လည် ညီလာခံ လာမယ့်ဂျန္နဝါရီမှာ မူဆယ်မှာ ကျင်းပမယ်။ အဲမှာဆွေးနွေးမယ်။ အဲဒီနောက်ပိုင်းမှပဲ ပေါင်း စည်းဖို့ ဆွေးနွေးသွားနိုင်မယ်ထင်တယ်” - ဟု ကျားဖြူပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်းက ပြောပါသည်။
ပြည်ထောင်စု တဝှမ်းလုံးတွင် သျှမ်းလူထု ကိုယ်စားပြုပါတီ သုံးခုရှိပါသည်။ ကျားခေါင်း ခေါ် SNLD ၊ ကျားဖြူ ခေါ် SNDP နှင့် ကျားနီ ခေါ် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP) ဟူ၍ဖြစ်သည်။
ကျားခေါင်းပါတီမှာ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ဒုတိယ မဲအများဆုံးရသည့်ပါတီဖြစ်သည်။ နဝတ စစ်အစိုးရ အာဏာ သိမ်းမှုကြောင့် လွှတ်တော်အတွင်း မရောက်ရသည့်အပြင် ၂၀၀၅ ခုနှစ်ကပြည်ထောင် စုဖြိုခွဲမှု၊ မတရားအသင်း ဆက်ဆံမှု စသည့်အမှုပေါင်းများစွာ စွပ်စွဲခံရပြီး ပါတီခေါင်းဆောင်ဖြစ်သူ ခွန်ထွန်းဦး၊ စိုင်းညွှန့်လွင် အပါအဝင် သျှမ်းခေါင်းဆောင် ကိုးဦးအားဖမ်းဆီးထောင်ချခဲ့ပြီး ပါတီ တရားမ ဝင်တော့ကြောင်း ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်မှ ကြေငြာခဲ့ပါသည်။
ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ နှစ်ဦးပိုင်းတွင် နိုင်ငံတော် လွှတ်ငြိမ်း ချမ်းသာခွင့်နှင့် ခွန်ထွန်းဦး အပါအဝင် သျှမ်း ခေါင်းဆောင်များ ပြန်လည် လွှတ်မြောက်လာခဲ့၏။ ထိုနှစ်အတွင်းပင် ပါတီမှတ်ပုံတင်ပြန် တင်ခြင်း ဖြစ်ပါသည်။
ကျားဖြူပါတီမှာမူ ကျားခေါင်းပါတီခေါင်းဆောင်များ ဖမ်းဆီးထောင်ချခံရခြင်း၊ ပါတီဖျက်သိမ်းခံရ ခြင်းတို့ ကြောင့် ကျားခေါင်း ပါတီအစား ရွေးကောက်ပွဲဝင်ရေးအတွက် ပါတီဖွဲ့ကာ ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့ခြင်း ဖြစ်သည်ဟု ကျားဖြူပါတီဖွဲ့စည်းစဉ် YouTube video clips တွင်တွေ့ရပါသည်။
ကျားနီပါတီမှာ ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းအတွင်းရှိ သျှမ်းလူမျိုးများလိုအပ်ချက် တောင်းဆိုပေးရန် ရည်ရွယ်၍ ၂၀၁၂ ခုနှစ်က ဖွဲ့စည်းခဲ့သည်။ ကချင်ပြည်နယ် မိုးညှင်းမြို့ဇာတိ စိုင်းဌေးအောင် ကပါတီ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။