လိုင်ဇာညီလာခံကဲ့သို့ KNU ဌာနချုပ်၌ တိုင်းရင်းသားညီလာခံ ထပ်မံကျင်းပမည်

လိုင်ဇာညီလာခံကဲ့သို့ KNU ဌာနချုပ်၌ တိုင်းရင်းသားညီလာခံ ထပ်မံကျင်းပမည်
by -
သျှမ်းသံတော်ဆင့်

ကရင်ပြည် ဘားအံမြို့၌ ပြုလုပ်မည့် “တပြည်လုံး အပစ်အခတ် ရပ်စဲရေး” ဆွေးနွေးပွဲအတွက် လိုင်ဇာကဲ့သို့သော တိုင်းရင်းသား နှီးနှောဖလှယ်ပွဲ ညီလာခံကြီးအား KNU ဌာနချုပ်၌ ထပ်မံ ကျင်းပမည်ဟု သိရှိရပါသည်။

တိုင်းရင်းသား နှီးနှောဖလှယ်ပွဲ ညီလာခံကို ကရင် အမျိုးသား အစည်းအရုံး KNU ဌာနချုပ် တည်ရှိ ရာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် သေ့ပေထ၌ ကျင်းပမည်ဖြစ်ကြောင်း UNFC အဖွဲ့ဝင် အရာရှိ တစ်ဦးက ပြောပါသည်။

Laizar

သူက “ညီလာခံကို ဒီဇင်ဘာလ ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပမယ်။ ၁၈ ရက်နေ့မှာ ဘားအံကို သွား မယ်။ ၁၉ ရက်နဲ့ ၂၀ ရက်နေ့မှာတော့ UPWC နဲ့ “တပြည်လုံး အပစ်အခတ် ရပ်စဲရေး” အတွက် ဆွေးနွေးမယ်လို့ စီစဉ်ထားတယ်။”ပြောသည်။

တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးအတွက် လိုင်ဇာမှ ရရှိလာသည့် ညီညွှတ်ရေးကို KNU ဌာနချုပ် ၌ ကျင်းပမည့် တိုင်းရင်းသားကွန်ဖရင့်၌ ဆက်လက် အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း UNFC တွဲဖက်အထွေထွေ အတွင်းရေးမှူး−၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “KNU ဌာနချုပ်မှာ ကျင်းပမဲ့ တိုင်းရင်းသား နှီးနှောဖလှယ်ပွဲ ကွန်ဖရင့်မှာ ပိုမိုခိုင်မာတဲ့ ညီညွှတ်ရေး ကို ထပ်မံတည်ဆောက်မယ်။ အဲဒီကွန်ဖရင့်ကနေ ရလာတဲ့ သဘောတူချက်ကိုဘဲ ဘားအံကို သယ် သွားမယ်။”ဟု ပြောသည်။

နိုဝင်ဘာလဆန်းပိုင်းတွင် ကချင်ပြည် မြစ်ကြီးနားမြို့၌ ပြုလုပ်ခဲ့သည့်  တစ်ပြည်လုံး အပစ်အခတ် ရပ်စဲ ရေးအတွက် တွေ့ဆုံဆွေးနွေးမှု မပြီးပြတ်ဘဲ ကရင်ပြည် ဘားအံမြို့၌ လာမည့် ဒီဇင်ဘာလအတွင်း ဆက်လက်ဆွေးနွေးရန် သဘောတူညီမှု ရရှိခဲ့သည်။

Most read this week