သီပေါစော်ဘွား မဟာဒေဝီ ဆုစန္ဒီဆု ပြည်တွင်းလူငယ်တဦးအား ပထမဆုံးအကြိမ်ချီးမြှင့်

သီပေါစော်ဘွား မဟာဒေဝီ ဆုစန္ဒီဆု ပြည်တွင်းလူငယ်တဦးအား ပထမဆုံးအကြိမ်ချီးမြှင့်
by -
သျှမ်းသံတော်ဆင့်

ကိုယ်ကျိုးစွန့်အနစ်နာခံသူ သျှမ်းလူငယ်များအား နှစ်စဉ်နှစ်တိုင်းချီးမြှင့်သည့် ဆုစန္ဒီဆုအား ယခုနှစ်တွင်SNLD ဗဟိုအလုပ်အမှုဆောင် ရုံးအဖွဲ့ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ နမ့်ခမ်းမြို့ဇာတိ စိုင်းဆမ်ဖွန်ဆိုင်အား ပြည်တွင်း၌ ပထမ ဦးဆုံးချီးမြှင့်လိုက်ပါသည်။

၂၀၁၃ နိုဝင်ဘာ ၁၁ ရက် နံနက် ၉ နာရီတွင် ဆုစန္ဒီဆု ချီးမြင့်ခြင်းအခမ်းအနားအား လားရှိုးမြို့၌ကျင်းပ လျှက်ရှိသည့် SNLD ပါတီ၏ ငွေရတုမွေးနေ့ပွဲနှင့်အတူ ပူးတွဲကျင်းပခဲ့ခြင်းဖြစ်သည်။

NLD ပါတီခေါင်းဆောင် ခွန်ထွန်းဦးနှင့်အတူ တွေ့ရသော စိုင်းဆမ်ဖွန်ဆိုင်

ဆုလက်ခံရရှိသူ စိုင်းဆမ်ဖွန်ဆိုင်သည် ပြည်တွင်းနေလူငယ်အနေဖြင့် ပထမဦးဆုံးလက်ခံရရှိသူဖြစ်ပြီး ယခင် ထိုင်း - သျှမ်းနယ်စပ်မှနေ၍ ဆုလက်ခံရရှိခဲ့ဖူးသူ လူငယ် ၅ ဦးရှိပြီဖြစ်ရာ စိုင်းဆမ်ဖွန်ဆိုင်မှာ ဆဌမယောက်မြောက် ဆုစန္ဒီဆုလက်ခံရရှိသူဖြစ်ပါသည်။

“ဆုရရှိတယ် ဆိုတာက တဘက်က ၀မ်းမြောက်ဝမ်းသာဂုဏ်ယူဖို့ ဖြစ်ပေမယ့် - ကျနော့်အမြင်ကတော့ ဒီဆုကို လက်ခံရရှိလို့ လုပ်ဆောင်ရမယ့် တာဝန်တွေပိုမိုကြီးလေးလာတယ်။ ရှေ့ဆက် အလုပ်ပိုမိုကြိုး စားရမယ်လို့ ခံယူမိပါတယ်” - ဟု စိုင်းဆမ်ဖွန်ဆိုင်က ပြောသည်။

SNLD ပါတီဝင် စိုင်းဆမ်ဖွန်ဆိုင်သည် အမေရိကန်နိုင်ငံ အင်ဒီးယားနားတက္ကသိုလ်မှပေးသော ပညာသင် ထောက်ပံ့ ကြေးရရှိကာ နိုင်ငံရေးသိပ္ပံ Political Science ဘာသာရပ်ကို ၂ နှစ်တိုင်တိုင်လေ့လာဆည်းပူး ခဲ့သည်ဟု ဆိုပါသည်။ ထိုနောက်ပိုင်း SNLD ပါတီအတွင်းမှနေ၍ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံအဖြစ်ထမ်း ဆောင်ခဲ့ သည်မှာယနေ့တိုင်ဖြစ်ပါသည်။

Inge Eberhard ခေါ် သီပေါစော်ဘွားမဟာဒေဝီ စဝ်ဆုစန္ဒီကိုယ်တိုင်ကလည်း - စိုင်းဆမ်ဖွန်ဆိုင်သည် သျှမ်းပြည်ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေး အတွက် တတ်သိပညာဖြင့် တတ်နိုင်သည့်အပိုင်းမှ ကိုယ် ကျိုး စွန့် ပံ့ပိုး လာသည့် လူငယ်တဦးဖြစ်ကြောင်း၊ မိမိအနေဖြင့် အထူးဂုဏ်ယူ ဝမ်းမြောက်ကြောင်း စသဖြင့်ပါရှိသည့် သဝဏ်လွှာအား အခမ်းအနားသို့ ပေးပို့ခဲ့ပါသည်။

Sao Thusandi Leadership Award Ceremony (2013) ဆုစန္ဒီ ခေါင်းဆောင်ဆု သည် ကိုယ်ကျိုး စွန့် အနစ်နာခံသူ သျှမ်းလူငယ်များအား တနှစ်လျှင်တဦးရွေးချယ်ကာ ဆုလက်မှတ်နှင့်အတူ ငွေသား အဖြစ် အမေရိကန် ဒေါ်လာ ၃၀၀၀ ချီးမြှင့်ပါသည်။

Burma Lifeline ဥက္ကဋ္ဌ စဝ်ဆုစန္ဒီ သည် ၁၉၃၂ ၌ မွေးဖွားခဲ့၏။ သြစတေးလျနိုင်ငံသူ ကက်တလစ် ဘာသာဝင်ဖြစ်ပြီး ယခုအခါ ဗုဒ္ဓသာသာကိုးကွယ်လျှက်ရှိသည်။ နာမည်ရင်းမှာ Inge Eberhard ဖြစ်သည်။ ၁၉၅၁ ၌ အမေရိကန် မှပေး သော Fulbright Scholarship ရရှိသဖြင့် ကျောင်းတက်စဉ် သီပေါစော်ဘွား စဝ်ကြာဆိုင်နှင့် တွေ့ဆုံခဲ့ပြီး ၁၉၅၄ တွင် သျှမ်းပြည်သီပေါသို့ အပြန်လိုက်လာကာ လက်ထပ်ထိမ်းမြှား ခဲ့သည်။ ၁၉၆၂ တွင် စဝ်ကြာဆိုင် ဖမ်းဆီးခံခဲ့ရပြီး ပျောက်ချင်း မလှ ပျောက်သွား သဖြင့် စဝ်ဆုစန္ဒီ လည်း ၁၉၆၄ တွင် သြစတေးလျသို့ပြန်သွားခဲ့သည်။ ၁၉၆၆ တွင် အမေရိကန်၌ ကျောင်းဆရာမ အဖြစ် ထမ်းဆောင်ခဲ့ပြီး ၁၉၉၃ ၌ ပင်စင်ယူခဲ့သည်။ ၁၉၆၈ တွင် Tad Sargent နှင့်လက်ထပ်ခဲ့၏။ ၁၉၉၄ တွင် Twilight Over Burma (မှုန်ရီဆိုင်း တိုင်းမြန်မာ) စာအုပ်ရေးသား ထုတ်ပြန်ခဲ့ပြီး ၁၉၉၅ မြန်မာပြည်မှ ဒုက္ခသည်များအားကူညီရန် Burma Lifeline အဖွဲ့ကို ဖွဲ့စည်း ထူထောင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်မှစ၍ ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိသျှမ်းပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည်များအား စတင်ကူညီခဲ့သည်။