ကောက်ရိတ်နေသည့် လယ်သမားတဦး၏ ခွေးတကောင်အား အစိုးရတပ်က ပစ်သတ်ကာ အသား ဖေါ်စား ခဲ့သောကြောင့် မိမိဘဝလုံခြုံရေးအတွက် ဒေသခံများစိုးရိမ် ကြောက်လှန့်နေသည်ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။
နိုဝင်ဘာ ၄ ရက် ယနေ့နံနက် ၁၀ နာရီခွဲ သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် ဟိုမိန်းမြို့နယ်ခွဲ မယ်အော ကျေးရွာ လယ်သမားများ ကောက်ရိတ်နေစဉ် လယ်ကွင်းအနီး ပြေးလွှားဆော့ကစားနေသည့် ၎င်းတို့၏ခွေး တကောင်အား ပစ်သတ်ကာ ပိုင်ရှင်ရှေ့ရှိ ခြုံထဲဝင် အသားဖေါ် ယူဆောင်သွားကြောင်း လယ်သမားများ ကပြောသည်။
လယ်သမားစိုင်းလုံ၏ခွေးအား အစိုးရတပ် ခလရ ၂၈၇ လက်အောက်ခံ တပ်သားသုံးဦးက အဲမ်အေ သေနတ်အမျိုးအစားဖြင့် ပစ်သတ်ခဲ့သည်ဟု နီးစပ်သည့် ပြည်သူ့စစ်အသိုင်းအဝိုင်းတဦး ကလည်းပြော သည်။
“ခွေးတောင်မှ ပိုင်ရှင်ရှေ့တင် ပစ်သတ်အသားပေါ်တယ်။ ဒီလို သေနတ်ကိုင်ပြီး လုပ်ချင်တာလုပ်နေရင် အသက်ဘေးပါကြောက်ရတယ်။ ဟိုးတလောတုန်းကလဲ ရွာသားနှစ်ဦး လယ်ဆင်းနေတာ အဲဒါလဲ သေနတ်နဲ့ လမ်းထုတော့ မနည်း အသက်လုပြေးရတယ်” - ဟု နီးစပ်သည့် လယ်သမားတဦး ကပြော သည်။
“အပစ်ရပ်ထားတဲ့အခွင့်အရေးကိုယူပြီး ရပ်ရွာလူထုရဲ့ အသက်အိုးအိမ်ကိုထိပါးတာတော့မဖြစ်သင့်ဘူး၊ ကျနော်တို့ဘက်ကလဲ အချက်အလက်တွေတတ်နိုင်သမျှရနိုင်သမျှ စုဆောင်းထားတယ်။ အထက်လူကြီး အချင်းချင်းတွေ့ရင် ဆွေးနွေးဖြေရှင်းပေးနိုင်အောင်လို့လေ” ဟု ဒေသအတွင်း သျှမ်းတပ်မှူးက ပြောသည်။
မြန်မာအစိုးရတပ် ခလရ ၂၈၇ မှ (ဟိုမိန်းပြည်သူ့စစ်အပါအဝင်) အင်အား ၆၀ ရှိစစ်ကြောင်းသည် ဟိုမိန်းမြို့တောင်ဘက် မယ်အောအုပ်စု မယ်အောရွာနှင့် နမ့်ပဲ့ရွာကြား လမ်းလုံခြုံရေး ယူပေးနေသည့် တပ်ဖွဲ့ဖြစ်သည်။
အဆိုပါဒေသအတွင်းတွင် သျှမ်းပြည်တပ်မတော် RCSS/SSA၊ ပအိုဝ်းလွတ်မြောက်ရေးတပ်မတော် PNLA ၊ ဝ အမျိုးသားတပ်မတော် WNA တို့ပူးပေါင်းအခြေချ လှုပ်ရှားသောကြောင့် အဆိုပါ အစိုးရတပ် နှင့် မကြာခဏ ရင်ဆိုင်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။