ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရတပ်နှင့် တိုင်းရင်းသားတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်

ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရတပ်နှင့် တိုင်းရင်းသားတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်
by -
သျှမ်းသံတော်ဆင့်

 သျှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲတစ်နာရီခန့်ဖြစ်ပွားကာ နှစ်ဘက်ဆုံးရှုံးမှုရှိကြောင်းဒေသခံများကပြောသည်။

အောက်တိုဘာ ၂၈ ရက် ၂၀၁၃ ခု မွန်းတည့်ချိန် တွင် ဟိုပန်မြို့အခြေစိုက် အစိုးရတပ်ရင်း ခလရ ၁၄၃ အင်အား ၆၀ ကျော် က မိုင်းယုမြို့နယ်ခွဲအတွင်းရှိ တအာင်း( TNLA ပလောင်) နှင့် သျှမ်း (SSPP/SSA) တို့ ပူးပေါင်းတပ်အား  တစ်နာရီကျော် ပစ်ခတ်တိုက်ခိုက် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

“တိုက်ပွဲက မိုင်းယု အနောက်ဘက် ၈ မိုင်ကျော်လောက်ဝေးတယ်။ စလန်းတောင်ကုန်းဆိုတဲ့နေရာမှာပေါ့။ ပလောင်ရွာ  နားမှာဖြစ်တာ။ ဗမာတပ်ဘက် ၃ ယောက်ကျသွားတယ်။ ၈ ယောက်ဒဏ်ရာရတယ်။ သူများနေတဲ့ နေရာ သွားတိုက်တာကိုး” - ဟု ဒေသခံ ပြည်သူ့စစ်တပ်သားတဦးဖြစ်သည့် မာနော က ပြောသည်။

တိုက်ပွဲကြောင့် TNLA နှင့် SSA (SSPP) တို့ဘက်က ကျဆုံးမှု မရှိသော်လည်း သုံးယောက်ထက်မနည်း ဒဏ်ရာအပြင်းအထန်ရကြောင်း ဒေသအတွင်းလှုပ်ရှားသည့် သျှမ်းတပ်အရာရှိတစ်ဦးက ဆက်၍ ပြောသည်။

၄င်းအရာရှိက “တိုက်ပွဲဖြစ်ပွားပြီးတော့ သူတို့လူကို မိုင်းယုဘက် သယ်ပြီးတပ်ဆုတ်သွားတယ်။ ဒါပေမယ့် တဖွဲ့ တဖွဲ့မှာ အင်အား ၅၀-၆၀ လောက်ရှိတဲ့အဖွဲ့တွေ နမ့်ဖတ်ကာ အုပ်စုဘက်မှာ နှစ်ဖွဲ့သုံးဖွဲ့ရှိနေတုန်းဘဲ။ နမ့်ဖတ်ကာ အနောက် ဘက် ဝမ့်နုတ်ခုံ့ရွာ မှာတော့ ၆၀ ကျော်တယ်၊ ကျနော်တို့ရဲ့ သတင်း သူတို့ရရင်တော့ ထပ်လာတိုက်ဦးမယ် ထင်တာဘဲ” - ဟု ဆို၏။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ မိမိဌာနချုပ်မှ လွဲ၍ အခြားဒေသအတွင်း လှုပ်ရှားတပ်များ တပ်စခန်းအခိုင်အမာ တည်ဆောက် အခြေချနေထိုင်ခြင်း၊ ရွာအတွင်း ရက်ရှည်နေထိုင်ခြင်း၊ စစ်အင် အားဖြင့် နယ်လှည့်လှုပ်ရှားခြင်းများ မရှိစေ ချင်ကြောင်း၊ သတင်းရလျှင် နယ်မြေရှင်းလင်းရေးပေါ်လစီ ဖြင့် လိုက်လံတိုက်ခိုက်နေကြောင်း - တပ်မတော် အသိုင်း အဝိုင်း က ပြောသည်။

“ကျနော်တို့ ဗမာပြည်မှာ သွားလှုပ်ရှားတာမှမဟုတ်တာဗျာ။ ဒါကျနော်တို့ဇာတိ၊ ကျနော်တို့မွေးရပ်မြေမှာ တန်းတူ အခွင့် အရေးမရသရွေ့၊ ကျနော်တို့ကို အခုလိုချယ်လှယ်နေသရွေ့တော့ စစ်ရေးလှုပ်ရှား နေရမှာဘဲ၊ တပ်အင်အားတိုးမြင့် နေရ မှာဘဲ” - ဟု SSPP ဌာနချုပ်အရာရှိတဦးက တုန့်ပြန်သည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ထိပ်သီးခေါင်းဆောင်များသည် တတိုင်းပြည်လုံး အပစ်ခတ်ရပ်စဲရေး မှ နိုင်ငံရေး ဆွေးနွေးပွဲသို့ရောက်ရှိရန် မိမိလိုအပ်သည့် အချက်အလက်များ စုပေါင်းတောင်း ဆိုရန် ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့၌  သုံးရက်ကြာ တွေ့ဆုံဆွေး နေကြသည်။

သျှမ်းပြည်တပ်မတော်သည် ဦးသိန်းစိန်အစိုးရနှင့် ပြည်ထောင်စုအဆင့်လက်မှတ်ရေးထိုးထားပြီး၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကမူ အပစ်ရပ်ရေးအတွက် အစိုးရနှင့်ဆွေးနွေး  ထားဆဲတပ်ဖွဲ့ဖြစ်သည်။

Most read this week