သန်းခေါင်စာရင်းအတွက် တိုက်ကြီးဒေသခံ ၃ ထောင်ခန့်အား သျှမ်းအသွင်ပြန်ပြောင်းရန်လိုအပ်

သန်းခေါင်စာရင်းအတွက် တိုက်ကြီးဒေသခံ ၃ ထောင်ခန့်အား သျှမ်းအသွင်ပြန်ပြောင်းရန်လိုအပ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းလူဦးရေစာရင်းအမှန်ရရှိရေးအတွက်ရည်ရွယ်ကာ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်တွင် သျှမ်းလူဦးရေ စာရင်းကောက်ခံခဲ့ရာ လူဦးရေသုံးထောင်ကျော်မှာ လူမျိုးနှင့်နာမည်တွင် ပြန်လည်ပြင်ဆင်ရမည်ဖြစ်ကြောင်း လူဦးရေအမှန်ကောက်ယူရရှိရေးကော်မတီဝင်လူငယ်များက ပြောသည်။

လူမျိုးတွင် သျှမ်းဟူ၍လည်းကောင်း နာမည်ရှေ့တွင် သျှမ်းလူမျိုးအသွင်ဆောင်သော စိုင်း ၊နန်း၊ လုံး၊ ပါတို့ကိုလည်းကောင်း ပြန်လည်ပြင်ဆင်မည်ဟု  ကော်မတီဝင် စိုင်းလိုင်းကပြောပါသည်။

prepare to collection

သူက “တိုက်ကြီးမှာ လူဦးရေ ၃၀၀၀ ကျော်တယ်။ မိဘဘိုးဘွားလက်ထက်ကတည်းက သျှမ်းလူမျိုး။ ဒါပေမယ့် မှတ်ပုံတင်ထဲမှာ လူမျိုး ဆိုတဲ့နေရာမှာက ဗမာ/ဗုဒ္ဓ ဖြစ်နေတာတွေ၊ နာမည်ရှေ့မှာ မောင်- မ၊ ဦး - ဒေါ် ဖြစ်နေ တာတွေပေါ့ ” ဟု ဆိုသည်။

တိုက်ကြီးမြို့နယ်သည် ရန်ကုန်မြို့၏မြောက်ဘက်မိုင် ၄၀ ခန့်အကွာတွင်တည်ရှိပြီး သျှမ်းလူမျိုးများ နေထိုင်သည့်ရွာကြီး ၉ ရွာရှိကြောင်း၊ တိုက်ကြီးမြို့မြောက်ဘက်ရှိ ဥက္ကံတွင်လည်း သျှမ်းရွာ ၁၂ ရွာရှိ ကြောင်း၊ အလားတူ ရန်ကုန် တောင်ပိုင်းခရိုင် တွံတေးမြို့နယ် အတွင်းတွင်လည်း သျှမ်းရွာကြီး ၄ ရွာရှိကြောင်းစာရင်းကောက်ယူရာတွင် တွေ့ရသည်ဟုဆိုပါသည်။

“ သျှမ်းရွာကမိဘဘိုးဘွားတွေကလွဲပြီး အများစုက သျှမ်းစကားမပြောတော့ဘူး။ ဒါကြောင့် ဒီကိစ္စ အတွက် စိတ်ရှည်လက်ရှည်ထားပြီး သူတို့ကိုဆွေးနွေးရတယ်။ ရှင်းရှင်းပြောရင် ဒီကိစ္စကို သူတို့ သိပ် နားမလည်ဘူး သိပ်ပြီး အလေးမထားဘူး။ သျှမ်းလူမျိုးဖြစ်ကြောင်း ဝမ်းမြောက်ဝမ်းသာ ပြောကြတာ ကိုတော့ ကျနော်တို့ အားအရမ်းရှိတယ်။ လုပ်ရတာ။ ဒါပေမယ့် စာရင်းပေးဖို့၊ သျှမ်းလူမျိုးအသွင်နဲ့ သျှမ်းလူဦးရေစာရင်း မှာပါသွားဖို့အတွက် ဘယ်လောက်အရေးကြီးတယ် ဆိုတာတော့ သူတို့သိပ် စိတ်မဝင်စားလို့ ခက်နေတယ်။ တမျိုးသားလုံးပူးပေါင်းဆောင်ရွက်ရေးပေါ့ဗျာ အခုလိုနေတာက” ဟု အိုက်ပီးကလည်း ပြောသည်။

နိုင်ငံရေးပါတီများက ၂၀၁၅ ရွေးကောက်ပွဲအတွက် သျှမ်းလူမျိုးများစာရင်းလိုက်ကောက်နေခြင်း၊ ကမ္ဘာ့လူဦးရေစာရင်းတင်ရန်အတွက် သန်းခေါင်စာရင်းလိုက်လံကောက်ယူခြင်း၊ လက်ရှိမှတ်ပုံတင်များ အား စမတ်ကတ် သို့ ပြောင်းလဲမည်စသည့်အကြောင်းကိစ္စများကြောင့် သျှမ်းလူမျိုးများ ဇဝေဇဝါဖြစ် နေကြောင်း စိုင်းလိုင်းကပြောသည်။

စိုင်းလိုင်းက “ ဘယ်အဖွဲ့က ဘာအတွက်လာမေးနေတာလဲ ။ ဒီအဖွဲ့တွေက ဘယ်သူတွေလဲ တစ်ဖွဲ့တည်း လား စသည်ဖြင့်ပေါ့။ မှတ်ပုံတင်စစ်တမ်း သန်းခေါင်စာရင်းကောက်နေတာက ဘယ်သူလဲ အစိုးရလား ကမ္ဘာကလား ဆိုတာ ဇဝေဇဝါဖြစ်နေကြတယ်။ မနည်းရှင်းပြရတယ်။ တချို့ကလဲ မှတ်ပုံတင်ကို  စမတ်ကတ် လုပ်မယ် ဆိုတဲ့အချက် စိတ်မဝင်စားဘူး။ မှတ်ပုံတင်ရှိပြီးသားဘဲ ဘာလို့စမတ်ကတ်လုပ်နေစရာ လိုလို့လဲ ဆိုပြီး နားမလည်တဲ့လူတွေလဲ အများကြီးရှိပါသေးတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၆၀ ရှိသည်ဟု မြန်မာစစ်အစိုးရက ထုတ်ပြန်ထားဖူးရာတွင် - ရ၅ % မှာ ဗမာလူမျိုးဖြစ်ပြီး ကျန် ၂၅ % မှာ တခြားလူမျိုးနှင့် တိုင်းရင်းသားများဖြစ်ကြောင်း၊ ထိုအနက် သျှမ်းလူမျိုးမှာ ၉% ရှိကြောင်း ဆိုပါသည်။

ရန်ကုန်တိုင်းဒေသကြီး သျှမ်းလူဦးရေစာရင်းအမှန်ကောက်ယူရေးကော် မတီတွင် စေတနာဝန်ထမ်း လူငယ်များက သျှမ်းလူမျိုးများစာရင်းအမှန်ရရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ သျှမ်းလူမျိုးများ စာရင်း စမ်းသပ်ကောက်ခံခဲ့ခြင်းဖြစ်သည်။

လာမည့် ၂၀၁၄ မတ်ခ်ျ ၂၉ ရက်ညသန်းခေါင်မှ ဧပြီ ၁၀ ညသန်းခေါင်အထိ ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်းရှိ လူဦးရေစာရင်းများ အပြီး ကောက်ခံမည်ဖြစ်ပြီး ရရှိသည့် လူဦးရေစာရင်းရလာဒ်အား ကမ္ဘာ့လူဦးရေစာရင်းသို့ ပေါင်းထည့်သွား မည်ဖြစ်ကြောင်း သိရှိရသည်။

Most read this week