သျှမ်းပြည်မြောက်ပိုင်း၊ မူစယ်ခရိုင်၊ ပန်ဆိုင်းမြို့နယ်ခွဲတွင် ယခင် စစ်အစိုးရလက်ထက်ကတည်းက သိမ်း ဆည်းလိုက်သော လယ်ယာမြေများကို ဒေသခံများ ပြန်လည်တောင်းဆို နေသည်။
၁၉၉၆ ခုနှစ်တွင် လားရှိုးအခြေစိုက်စစ်တိုင်းမှူးက တရုတ်လောပန်းများနှင့် ပူးပေါင်းကာ ပန်ဆိုင်းမြို့နယ် (ကြူကုတ်) နမ့်တောင်းရွာ ဒေသခံတောင်သူ အိမ်ထောင်စု ၃၇ ခု ပိုင်ဆိုင်သည့် မြေဧရိယာ ၃၃၈ ဧကအား ရာဘာခြံစိုက်ခင်း အတွက် သိမ်းယူထားသည့်အပြင် ၂၀၀၆ တစ်ကြိမ်၊ ၂၀၀၈ တစ်ကြိမ် ယာမြေများအား ထပ်မံ သိမ်းပိုက်ခဲ့ကြောင်း အုပ်ချုပ်ရေးမှူးအသိုင်းအဝိုင်းက ပြောသည်။
“အဲဒီကြံစိုက်ခင်း တွေက ဓါတုဆေးပါမြေဩဇာတွေ ပိုးသတ်ဆေးတွေသုံးတော့ ဓါတုဆေးရည်တွေက သောက်သုံးရေထဲ စီးဝင်တယ်။ ကြာလာရင် ကျနော်တို့သား သမီးမြေး မြစ်တွေရဲ့ ဘဝ အတွက် စိုးရိမ်ရ တယ်။ အခုအစိုးရလက်ထက်မှာ အသိမ်းခံရတဲ့လယ်မြေတွေ ပြန်ပေးနေ ပြီဖြစ်တဲ့အတွက် ကျနော်တို့ ပြန်တောင်းနေကြတာပါ” ဟု ဒေသခံ အိုက်ဆမ်က ပြောသည်။
ယင်းကဲ့သို့ သိမ်းယူစဉ်က စစ်တပ်ပိုင် ရော်ဘာစိုက်ပျိုးမည်ဟု ဆိုသော်လည်း မြန်မာနိုင်ငံသားမဟုတ်သည့် တရုတ်သူဌေးများဖြစ်ကြသည့် ဦးဟော်မြင့်လီ၊ ဦးဟူကောင်ဟုန် ၊ ဒေါ်ဟော်ရှီကွမ်းတို့က ပိုင်ရှင်အဖြစ်ခံ ယူကာ ကြံစိုက်ရန် တစ်လလျှင်မြေငှားခ တစ်ဧက ယွမ်ငွေ ၅၀၀ ဖြင့်ငှားရမ်းခဲ့သည်ဟု ဆိုသည်။
ထို့အပြင် တောခုတ်ရှင်းကာကြံများတိုးချဲ့စိုက်ပျိုးလာပြန်သဖြင့် ဓါတုဆေးသုံးသည့် ကြံစိုက်ပျိုးမှုကိုရပ် တန့်ကာ တောင်သူများအား ယာမြေ၊ စားကျက်မြေ ပြန်ပေးရန် တောင်း ဆိုခြင်း ဖြစ်ပြီး ဝမ့်နမ့်တောင်းရွာတွင် အိမ်ခြေ ၂၇၀ ကျော်ရှိ၍ လူဦးရေ ၁၀၀၀ ကျော်ရှိသည်ဟုဆိုသည်။
“ဒီကြံစိုက်ခင်းအတွက် အသုံးပြုတဲ့ ဓါမြေဩဇာတွေ၊ ဓါတုဆေးရေတွေ၊ ပိုးသတ်ဆေးတွေက လုံယောဝ်းရေ ထွက် ဦးထဲ စီးဝင်တော့ ရွာကို အဆိပ်ခတ်ထားသလိုဖြစ်နေတယ်။ ဒါ့ကြောင့် ဒီအကြောင်း လွှတ်တော်ထဲမှာ တင်ပြဖို့ အမတ်တွေကို ကျနော်တို့ တင်ပြဖူးတယ်။ တကယ်လဲ လွှတ်တော် ထဲမှာ ဆွေးနွေးကြတယ်။ မြေယာပိုင်းဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေလဲ လာရောက်ကြည့်ရှုတိုင်းတာတယ်။ ဒီဘက်မှာ လယ်ယာလာ စိုက်စားနေတဲ့ တရားမဝင် တရုတ်နိုင်ငံသား ၄ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးထားတယ်၊ စက်တင်ဘာလ ၂၀ ရက်နေ့က။ တရုတ် ၄ ဦးကို အမှုစစ်နေတုန်းဘဲအခု၊ သူတို့ ၄ ယောက်လုံးက မြန်မာနိုင်ငံသား အထောက်အထား ဘာတခုမှ မရှိဘူး ” ဟု ကိုဒန်မော် ပြောပါသည်။
မကြာသေးခင်က ပြည်ထောင်စု အစိုးရ ဒုတိယသမ္မတ ဦး ဉာဏ်ထွန်းက ကာကွယ်ရေးဦးစီးဌာနအောက်ရှိ စစ်တိုင်းရုံးတိုင်းအား- လူထုထံမှ သိမ်းယူထားသော လယ်ယာမြေများပြန်ပေးရန် ညွှန်ကြားထားသည်ဟု လည်း သိရသည်။