နမ့်ခမ်းမြို့တွင် ဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲ တစ်ဦးသေ နှစ်ဦးဒဏ်ရာရ

နမ့်ခမ်းမြို့တွင် ဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲ တစ်ဦးသေ နှစ်ဦးဒဏ်ရာရ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊  မြို့လယ်ဘုရားကျောင်းအနီးတွင် ဗုံးသုံးလုံးဆက်တိုက်ပေါက်ကွဲရာ လူတစ်ဦး သေဆုံးပြီး နှှစ်ဦးဒဏ်ရာရကြောင်း သတင်းရရှိသည်။

 “မနေ့ ည ၁၀း၅၀ လောက်မှာ တစ်လုံးပေါက်တယ်၊ ဒီမနက် ရးဝဝ နာရီ နဲ့ ရး၃၀ မှာ တစ်ကြိမ်စီပေါက်ကွဲ တယ်၊ ဒီမနက် ပထမတလုံး ပေါက်တဲ့ဗုံးက အမှိုက်ရှင်းတဲ့ စည်ပင်ဝန်ထမ်းတစ်ဦး ၀မ်းဗိုက်ပေါက်ကွဲပြီး ပွဲချင်းပြီးသေ ဆုံးတယ်၊ ဒုတိယပေါက်တဲ့ဗုံး ကတော့ အသက်  ၁၅ နှစ်အရွယ် ကလေးတစ်ဦးရယ် ပေါက်တဲန့်မ ရပ်ကွက်က တရုတ် အဖိုးကြီးတစ်ဦးရယ် ထိခိုက်ဒဏ်ရာရသွားတယ် ” ဟု အခင်းဖြစ်ပွားမှုတွင် မြင်တွေ့ရသူ စိုင်းအိုက်လှ ကပြောသည်။

ဗုံးပေါက်မှုထိခိုက်ဒဏ်ရာရသွားသည့် အသက် ၁၅ နှစ်အရွယ် ကလေးမှာ ပေါက်တိုက်ရပ်ကွက်နေ ပါ့နန်းနွန်း၏သား စိုင်းအိုက်ဖွန် ဖြစ်ပြီး ၀မ်းဗိုက်နှင့်မေးတို့တွင် ဒဏ်ရာရရှိသွားပြီး နမ့်ခမ်းပြည့်သူ့ဆေးရုံ မှ မူစယ်ပြည့်သူ့ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခွဲစိတ်ကုသနေပြီဖြစ်ကြောင်း သိရသည်။

ပေါက်တဲန်မ ရပ်ကွက်နေ မိုင်းဝီး ရွာသား တရုတ် လူမျိုး အသက် (၅၀)ကျော် အမျိုးသားတစ်ဦးလည်း ဘယ်လက်မောင်း ဒဏ်ရာရရှိကြောင်း ၄င်းက ဆိုပါသည်။

“ကျမတို့မြို့ က ဘယ်လိုမှ လုံခြုံမှုမရှိတော့ဘူး။ တစ်ည နဲ့တစ်ရက်တောင် ဗုံးသုံးလုံးပေါက်ကွဲတယ်။ပေါက်တဲ့ နေရာကလဲ တနေရာနဲ့တနေရာ သိပ်မဝေးဘူး။  ကျမတို့ ကလေးကို ကျောင်းမလွှတ်ရဲတော့ဘူး။ ဘယ်သူ့ လက်ချက်ပဲဖြစ်ဖြစ် ဒါအင်မတန်မှ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်ဘဲ၊ ကျမတို့ပြည်သူတွေက ဘာအပြစ်ရှိလဲ။ ဘာဖြစ်လို့ မြို့လယ်ခေါင် မှာ လာဖောက်ခွဲရတာလဲ ။ ဘယ်လိုဦးနှောက်နဲ့အလုပ်လုပ် နေတာလဲ ”ဟု နမ့်ခမ်း မြို့နေ ပါ့နန်းအောင်အေး က ပြောသည်။

အဆိုပါပေါက်ကွဲခဲ့သော ဗုံးသုံးလုံးသည် မြို့လယ်ဘုရားကျောင်း အနီး ပြည်ထောင်စု လမ်းမပေါ် ကိုက် ၂၀၀ အတွင်း၌သာ ပေါက်ကွဲခြင်း ဖြစ်ကြောင်း ၄င်းကဆိုသည်။

နမ့်ခမ်းမြို့အတွင်းနေရာအနှံ့အပြား ဗုံးရှင်းလင်းရေးဟုဆိုကာမြန်မာစစ်သားများ လှုပ်ရှားနေကြောင်း၊ လမ်းကြိုလမ်းကြား အမှိုက်ပုံများတွင်ပါမကျန် စစ်ဆေးကြည့်ရှုနေကြောင်း စိုင်းအိုက်လှက ပြောသည်။

ဗုံးမပေါက်ကွဲမီ ယမန်နေ့ ညကလည်း အစိုးရ၏စစ်တပ်များသည် မြို့လယ်ဘုရားကျောင်းတွင်လာရောက် တည်းခိုခဲ့ကြောင်း ဒေသခံများကပြောသည်။