မြန်ပြည်တခွင်က သျှမ်းတောင်သူများ မိုးနဲမြို့၌တွေ့ဆုံ

မြန်ပြည်တခွင်က သျှမ်းတောင်သူများ မိုးနဲမြို့၌တွေ့ဆုံ
by -
သျှမ်းသံတော်ဆင့်

ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နှင့် သျှမ်းပြည်တို့မှ သျှမ်းတောင်သူလယ်သမား ၁၇၀ ကျော်က သျှမ်းပြည် တောင်ပိုင်း မိုးနဲ မြို့၌ တွေ့ဆုံကြကာ မြေယာသိမ်းပိုက်မှုနှင့်ပတ်သက်သည့် အတွေ့ အကြုံများဖလှယ်ကြ သည်ဟု ဆိုသည်။

တွေ့ဆုံပွဲကို အောက်တိုဘာ ရ ရက်နေ့ကပြုလုပ်ခဲ့ရာ သျှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့ စေတနာရှင် တစ်ဦးက ကမကထ ပြုကြောင်း၊  ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ လွယ်ဟိုဆေဒေသ တောင်သူလယ်သမားများ၊ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်ဘက်မှ တောင်သူလယ်သမားများ၊ သျှမ်းပြည်တောင်၊ မြောက်၊ အရှေ့ပိုင်းတို့မှ တောင်သူလယ်သမားကိုယ်စားလှယ်များအား မိုးနဲမြို့သို့လေ့လာရေးခရီးစဉ်အဖြစ် ဖိတ်ခေါ်ကာ တွေ့ဆုံခြင်းဖြစ်သည်ဟု တက်ရောက်သူလယ်သမား စိုင်းကောက ပြောသည်။

ဧည့်ခံကြိုဆိုရေးတွင်ပါဝင်သည့် ကျားဖြူ ပြည်နယ်လွှတ်တော်အမတ် စိုင်းမောင်ကြီးက “အခုလာတာက ဧည့်သည် ရ၀ လောက်ရှိမယ်။ ကျန်တာတွေကတော့ မိုးနဲဒေသခံ လယ်သမားတွေ ဧည့်ခံရေးအဖွဲ့တွေပါ။ အားလုံး ၁၇၂ ယောက်။ တွေ့ဆုံဆွေးနွေးပွဲက အောက်တိုဘာ ရ ရက်တစ်ရက်ထဲပဲ အမြင်ချင်းဖလှယ်ကြတယ်”- ဟု ပြောသည်။

သျှမ်းတောင်သူလယ်သမားများပိုင် လယ်၊ ယာ၊ ခြံမြေများအား စစ်အစိုးရလက်ထက်က တပ်ပိုင်မြေ၊ ဌာဆိုင်ရာပိုင်မြေ၊ ကုမ္မဏီပိုင်မြေ၊ လက်နက်ကိုင်တပ်ဖွဲ့ပိုင်မြေအဖြစ် သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် နိုင်ငံရေးအပြောင်းအလဲအရ ပြန်လည်တောင်းခံနိုင်ပြီးဖြစ်ကြောင်း၊ အချို့ဒေသတွင်လည်း ဆုံးရှုံးသွားသည့်လယ်ယာမြေများပြန်ရပြီဖြစ်ကြောင်း၊ ထို့ကြောင့်မိမိလယ်ယာမြေပြန်ရရေးအတွက် ရဲရဲဝံ့ဝံ့တောင်းခံသွားသင့်ကြောင်း အမြင်ခြင်းဖလှယ်ကာ အားပေးစကားများ ပြောကြားကြသည်ဟု ဆိုသည်။

“ကျနော်တို့ မိုးနဲမှာ တပ်ပိုင်မြေ၊ ကုမ္ပဏီပိုင်မြေ၊ ဌာနဆိုင်ရာပိုင်မြေ၊ ပြည်သူ့စစ်တပ်ဖွဲ့ပိုင် ကွက်သစ် စီမံကိန်းမြေအဖြစ် အသိမ်းခံရတယ်။ ၁၉၉၆ နောက်ပိုင်းပေါ့၊ စီမံကိန်းတစ်ခုခုမှာ သိမ်းပိုက်မြေက ဧက ၅ ထောင် ဝန်းကျင်ရှိတယ်။  ပြန်ပေးမယ်လို့လဲ နိုင်ငံတော်အစိုးရကော၊ တပ်ပိုင်းရော ပြောထားပြီးဘဲ။ ဒါကြောင့်ဆက်လက်တောင်းခံသွားမယ်” - ဟု မိုးနဲဒေသခံ စိုင်းမွမ်းက ပြောသည်။

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အရှေ့တောင်ဘက်  မိုင် ၉၀ ခန့် ဝေးသည့် မိုးနဲမြို့သည် သျှမ်း သမိုင်းဝင်မြို့တစ်မြို့ဖြစ် သည်။

၁၉၆၂ ဦးနေဝင်းအာဏာသိမ်းချိန်တွင် မိုးနဲနယ်ကို စော်ဘွားကြီး စဝ်ပေ့က  စိုးစံလျှက်ရှိပြီး သမိုင်းဝင်ဘုရား၊ ဂူ နှင့် တန်ခိုးကြီးဆံတော်ရှင်စေတီများအပြင် သျှမ်းပြည်တွင် စေတီပုထိုး အများဆုံးမြို့တစ်မြို့လည်းဖြစ်သည့် အလျှောက် သျှမ်းပြည်ပုဂံဟုပင် နာမည်တွင်သည့်မြို့တစ်မြို့ဖြစ်သည်။