UNFC အစည်းအဝေးတွင် ပြည်လုံးကျွတ်အပစ်ရပ်ရေးကိစ္စပါဆွေးနွေးမည်

UNFC အစည်းအဝေးတွင် ပြည်လုံးကျွတ်အပစ်ရပ်ရေးကိစ္စပါဆွေးနွေးမည်
by -
သျှမ်းသံတော်ဆင့်

အောက်တိုဘာ ရ ရက် ၂၀၁၃ ရက်နေ့တွင် ပြန်လည်စတင်သည့် UNFC ၏အစည်းအဝေးတွင် အစိုးရကမ်း လှမ်းထားသည့် ပြည်လုံးကျွတ် အပစ်ခတ်ရပ်စဲရေးကိစ္စပါ ဆွေးနွေးသွားသည်ဟု တက်ရောက်သူများက ပြောသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ အောက်တိုဘာ ရ - ၉ ရက်နေ့အထိ သုံးရက်ကြာကျင်းပဆဲ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC အစည်းအဝေးတွင် အစိုးရနှင့်နိုင်ငံရေးဆွေးနွေးပါက  တိုင်းရင်းသားဘက်မှ ဆွေးနွေးကြရမည့်နိုင်ငံရေးမူဘောင်များနှင့် နိုဝင်ဘာအတွင်း အစိုးရဦးဆောင်ကျင်းပ မည့် တစ်ပြည်လုံးအပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးပွဲကိစ္စရပ်များ ပါဝင်ဆွေးနွေးမည်ဟု ဆိုသည်။

မြောက်ပိုင်းသျှမ်းပြည်တပ်မတော် SSPP/SSA ကိုယ်စားလှယ် စဝ်ပိုင်ဖက “ဆွေးနွေးစရာတွေ အရမ်းများ တယ်၊ နှစ်ပတ်လည်အစည်းအဝေးကော၊ တစ်ပြည်လုံး အပစ်ခတ်ရပ်စဲရေးကိစ္စလဲ ဆွေးနွေးသွားရမယ်။ အခုတော့ ဘာမှ မပြောနိုင်သေးဘူး” - ဟု ဆိုသည်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC တွင် အစိုးရနှင့် အပစ်ရပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၆ ဖွဲ့နှင့် အပစ်ရပ်ရေးသဘောတူညီချက်ရယူနိုင်ခြင်းမရှိသေးသည့် တပ်ဖွဲ့  ၅ ဖွဲ့ ပါရှိသည်။

အပစ်ရပ်ထားသည့် တပ်ဖွဲ့ဝင် ၆ ဖွဲ့ မှာ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ KNPP ၊ ကရင်အမျိုး သားအစည်းအရုံး KNU ၊ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO ၊ မွန်ပြည်သစ်ပါတီ NMSP တို့ဖြစ်သည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA  နှင့် ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့မှာ အပစ်ရပ်ရေးအတွက်ဆွေးနွေးဆဲဖြစ်ပြီး၊ LDU (လားဟူ) ၊ NUPA/ANC  (ရခိုင်) နှင့် WNO – “ဝ” အမျိုးသား အဖွဲ့ချုပ်တို့မှာမူ အစိုးရနှင့် ဆွေးနွေးမှုမရှိသေးပေ။

Most read this week