သျှမ်း/မြောက်တွင် မြန်မာအစိုးရတပ်များ အားဖြည့်လှုပ်ရှား လူထုအား ယာဉ်တန်းပွိုင့်ထိုးခိုင်း

သျှမ်း/မြောက်တွင် မြန်မာအစိုးရတပ်များ အားဖြည့်လှုပ်ရှား လူထုအား ယာဉ်တန်းပွိုင့်ထိုးခိုင်း
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း မူစယ်နှင့်နမ့်ခမ်းမြို့ အတွင်း အစိုးရစစ်တပ်များ   အင်အားဖြည့်လှုပ်ရှားရာတွင် ခရီးသွား ပြည်သူ များကို စစ်ယာဉ်တန်းနှင့်အတူ ကြားညှပ်ခေါ်ဆောင် ခဲ့ကြောင်း ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။

“ဗမာစစ်ယာဉ်တန်း ခြောက်စီးပေါ့ဗျာ၊ မူစယ်ကနေ နမ့်ခမ်းဘက်ကို ၁၂ ရက်နေ့တုန်းက ဆင်းလာတာ နမ့်ခမ်းမြို့အဝင်  နောင်ခန် ကျေးရွာ နားမှာ မူစယ် ကနေ နမ့်ခမ်းဘက်ကို ပြန်လာတဲ့ကားတွေကိုရပ်ခိုင်းတယ်၊ ပြီးတော့ သူတို့ယာဉ် တန်း ရဲ့ရှေ့ဆုံးကနေ ပွိုင့်ထိုးခိုင်းတယ်၊ ယာဉ်တန်းကြားကိုလဲ တချို့ ညှပ်ပြီး ခေါ်တယ်။ မန့်ခမ်းရွာ  အထိပဲ” ဟု ကြားညှပ်ချောဆွဲခံရသော ကားသမားတစ်ဦးကပြောသည်။

အဆိုပါမြန်မာအစိုးရစစ်ယာဉ်တန်းများ မူစယ်မြို့ မှ နမ့်ခမ်းမြို့သို့ ဆင်းလာစဉ် အေးရှားဝေါလ် (Asia world) ဂိတ် အနီး ဗုံး (၃) လုံး ပေါက်ကွဲကြောင်း၊ လက်သည်တော့ မသိရကြောင်း  ၄င်းကဆိုသည်။

“ဘယ်စစ်တပ်ဖြစ်ဖြစ်ပေါ ၊ပြည်သူလူထုကို စစ်တပ်ရဲ့အကာအကွယ်အဖြစ် အသုံးမပြုသင့်ဘူး ၊ တကယ်လို့ ကားလမ်းမပေါ် မိုင်းတခုခု ထောင်ထားခဲ့ရင်  ပြည်သူကိုအရင်သေခိုင်းတာဘဲ။ ပြောတော့ တပ်မတော် ကပြည်သူ ကိုကာကွယ်ဖို့ဆို၊ ဘယ်လိုလုပ်ပြီးပြည်သူလူထုက တပ်မတော်ရဲ့ အ ကာအကွယ်ဖြစ်သွားရသလဲ  ”ဟု ခေတ် ပညာတတ် နန်းအေခမ်း ကပြောသည်။

နမ့်ခမ်းမြို့ ရွှေလီမြစ်  တဘက်ကမ်းရှိ RCSS/SSA တပ်ရင်း ရဝ၁ တပ်စခန်းကို အစိုးရတပ်က အင်အားနှင့် အလုံးအရင်း သိမ်းပိုက်ပြီး နောက်ပိုင်း နမ့်ခမ်းမြို့အရှေ့တောင်ဘက် တစ်မိုင်ခန့်အကွာရှိ အစိုးရ တပ်စခန်းသစ် တောင်ကုန်းပေါ်တွင် ရိက္ခာခြောက်များ ၀ယ်ယူစုဆောင်းလျှက်ရှိကြောင်း၊ ကူးတို့ ဆိပ်တိုင်းတွင်လည်း အစိုးရ၏ ကင်းလှည့်တပ်များချထား ကြောင်း  ၄င်းကဆိုပါသည်။

မူစယ်မြို့ မှ နမ့်ခမ်းမြို့သို့ ဆင်းလာသော အဆိုပါ အစိုးရစစ်ယာဉ်တန်းသည် ခလရ ၆၄ နှင့် ခလရ ၅၀၇ မှ ခြေလျင် တပ်များ ဖြစ်ပြီး အင်အား ၁၅၀ ခန့်ရှိကြောင်း သိရသည်။

Most read this week