သျှမ်းပြည်သို့ရောက်ရှိနေသော ပြည်ထောင်စုလွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းသည် ယနေ့ မိုင်းလား နှင့် ၀ တပ်ဖွဲ့များနှင့်တွေ့ဆုံရန် ကျိုင်းတုံမြို့သို့ရောက်ရှိကြောင်း စုံစမ်းသိရှိရသည်။
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည် ယမန်နေ့က သျှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီ RCSS/SSA နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO တို့အား တောင်ကြီးမြို့ တွင် တွေ့ဆုံခဲ့ပြီး ယနေ့ စက်တင်ဘာလ ၃ ရက် ကျိုင်းတုံမြို့သို့ထွက်ခွါခဲ့ကြောင်း၊ သျှမ်းပြည်အရှေ့ပိုင်းနေ ဒေသခံလူထုနှင့် အင်အားကြီး လက်နက် ကိုင်တပ်ဖွဲ့ ၂ ဖွဲ့ဖြစ်သော UWSA ၀ တပ်ဖွဲ့နှင့် NDAA မိုင်းလားတပ်ဖွဲ့တို့နှင့်တွေ့ဆုံမည် ဟု ကျိုင်းတုံမြို့ဒေသခံများထံမှ သိရ သည်။
“ မနေ့က တောင်ကြီးမှာ ပြည်သူလူထုနဲ့တွေ့ဆုံတယ်။ သျှမ်းပြည်အစိုးရနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ အဖွဲ့ အစည်းပေါင်းစုံတွေနဲ့ တွေ့ဆုံတယ်။ စုစုပေါင်း ၅၀၀ တက်ရောက်ကြတယ်။ ထူးခြားတာက ဖက်ဒရယ်
အကြောင်း ပြောဆိုဆွေးနွေးကြတယ်။ သျှမ်းပြည်အစိုးရအတွက် ဘတ်ဂျက်တွေတိုးမြင့်ပေးဖို့ကိစ္စ ၊ ထိုင်းရောက် သျှမ်းပြည်သားတွေကို မှတ်ပုံတင် လုပ်ပေးဖို့ ကိစ္စအပြင် မူးယစ်ဆေးဝါးပြဿနာတွေ အစရှိ
တင်ပြဆွေးနွေးကြတယ်” ဟု စာပေယဉ်ကျေးမှုအဖွဲ့မှ တက်ရောက်သူတဦးကပြောသည်။
စက်တင်ဘာလ ၄ ရက်နေ့တွင်မူ လားရှိုးသို့ဆက်လက်ခရီးထွက်မည်ဖြစ်ပြီး ဝမ့်ဟိုင်းအခြေစိုက် သျှမ်းပြည် တိုးတက်ရေးပါတီ/ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့်ထပ်မံတွေ့ဆုံရန်ရှိသေးသည်ဟုလည်း ခရီးစဉ်တွင်လိုက်ပါ သူများကပြောပါသည်။
သူရဦးရွှေမန်းသည် ပြည်ထောင်စုလွှတ်တော်ဥက္ကဌကြီးတာဝန်ကို အမျိုးသားလွှတ်တော်ဥက္ကဌဦးခင်အောင်မြင့် ထံမှ ပြီးခဲ့သည့် ဂျူလိုင်လနှောင်းပိုင်းက လွှဲပြောင်းထမ်းဆောင်ပြီးနောက်ပိုင်း တိုင်းရင်းသားဒေသသို့ သွားရောက် လေ့လာ အချက်အလက် ကောက်ယူခြင်းဖြစ်နိုင်ကြောင်း သျှမ်းပြည်အရေးစောင့်ကြည့်လေ့ လာနေသည့်ပုဂ္ဂိုလ်တဦး ကလည်းပြောဆို ပါသည်။