တရုတ်အစိုးရမှ ဆေးထိုးသတ်ပြစ်ဒဏ်ပေးလိုက်သောသျှမ်းပြည်အရှေ့ပိုင်း ရွှေတြိဂံဒေ သမှ စိုင်းနော်ခမ်း၏ နောက်လိုက် တဦးဖြစ်သည့် ကျိုင်းတုံအကျဉ်းထောင်ရှိ လက်နက်ချ အဖွဲ့ခေါင်းဆောင် စိုင်းအောင်မြတ်အပြင် အခြားအကျဉ်းသားများအား ထောင်အာဏာပိုင်များက ပိုက်ဆံတောင်း စစ်ဆေးမေးမြန်း ရိုက်နှက်သည့်အတွက် ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာနထံ အကျဉ်းသာများစုပေါင်း၍ စာတင်ထားသည်ဟု ကြားသိရသည်။
စိုင်းအောင်မြတ်ကို ဖုန်းကိုင်တယ်ဆိုပြီး စစ်ဆေးမေးမြန်းရာကနေ ခြေကျင်းတွေခတ်၊ ဒေါက်ခတ်၊ ခေါင်းစွပ် ရိုက်နှက် တိုက် ပိတ်တာလေ။ စိုင်းအောင်မြတ်ဆိုတာက သာမန်အကျဉ်းသားမဟုတ်တော့ အဲသလောက်ထိ မလုပ်သင့်ဘူးလေ။ အဲဒါကြောင့် ပြည်ထောင်စုဝန်ကြီးသိအောင် အကျဉ်းသားတွေစုပြီး စာပို့ထားပြီးပြီ။ အကျဉ်းသားတွေ မတရား နှိပ်စက်ခံနေရတယ် ဆိုတာတွေကို လူထုက သိရအောင်လို့ မီဒီယာတွေကတဆင့် ဖြန့်ဝေပေးဖို့ တောင်းဆိုပါတယ် ” - ဟု ကျိုင်းတုံအကျဉ်းသား တဦး ၏ ပြောပြချက်ကို ကျိုင်းတုံမြို့နေ ဦးမောင်မောင်က သျှမ်းသံတော်ဆင့်အား ပြောပြပါသည်။
ထောင်ပိုင်မှ တာဝန်ပေးချက်အရ ထောင်မှူးကြီး စိုးမိုးအောင်က အကျဉ်းသား နေလွမ်းအောင် အား စိုင်းအောင်မြတ် ၏ သတင်း ပေးအဖြစ် တာဝန်ပေး စုံစမ်းစေကြောင်း၊ စိုင်းအောင်မြတ်ထံမှ လက်ကိုင်ဖုန်းတွေ့ရသည်ဟုပြောသဖြင့် ထောင်အာဏာပိုင် များက ရှာဖွေစစ်ဆေးခဲ့ကြောင်း၊ သို့သော် စိုင်းအောင်မြတ်ထံမှ လက်ကိုင်ဖုန်းမတွေ့ရဘဲ နေလွမ်းအောင်ထံမှ ဆင်းကဒ်တခု စစ်ဆေးတွေ့မိသော်လည်း အာဏာပိုင်များက အပြစ်မယူကြောင်း၊ အဆိုပါအကြောင်းကြောင့် စိုင်းအောင်မြတ်နှင့် နေလွမ်း အောင်တို့ စကားများ ရုန်းရင်းဆန်ခတ်ဖြစ်ပွားရာမှ စိုင်းအောင်မြတ် ပါ (၆) ဦးကို ခြေကျင်းခတ် တိုက်ပို့ကာ (၈)ရက်ဆက်တိုက် ရိုက်နှက်ခဲ့သဖြင့် သတိမေ့သည်အထိ ဖြစ်ကြောင်း ၄င်းကဆိုပါသည်။
အရိုက်ခံသက်သာလိုပါက ငွေငါးသောင်းကျပ်၊ ဒေါက်ဖြတ်စေလိုပါက ငွေတစ်သိန်းပေးရန် ထောင်မှူးကြီး စိုးမိုးအောင် မှ တောင်းသဖြင့် ငွေပေးသူ (၂) ဦးမှာ သက်သာခွင့်ရပြီး မပေးနိုင်သူများမှာ ကြိမ်ပန်ကာကြိုး၊ ပိုက်များဖြင့် ထပ်မံရိုက်နှက်ခြင်း ခံကြရကြောင်း၊ တောင်းခံငွေများကို (၃) ဆောင်တန်းစီး စိန်ဝင်းကကောက်ကာ ထောင်မှူးကြီးထံပို့ ပေးအပ်ကြောင်း အကျဉ်းသားများက ပြောသည်ဟု ဆိုပါသည်။
အဆိုပါ နေလွမ်းအောင်၏ သတင်းပေးမှုကြောင့် စိုင်းအောင်မြတ်နည်းတူ တခြားသော အကျဉ်းသားများလည်း စစ်ဆေးရိုက် နှက်ခြင်း၊ ပိုက်ဆံတောင်းခြင်း ခံနေရသဖြင့် အကျဉ်းသားများ မခံမရပ်ဖြစ်ရကာ ဂျူလိုင်လ ၃၀ ရက်နေ့ ရက်စွဲပါ စာတစောင် အား ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေးဝန်ကြီးထံ ပေးပို့ခဲ့သည်ဟု ဆိုပါသည်။
“တခြားအကျဉ်းသားတွေကိုလဲ အဲလိုလုပ်တယ်။ သက်သေမထားဘဲ အကြောင်းမဲ့ တိုက်ပိတ်တယ်။ အကျဉ်းသား တချို့ဆို ကိုယ့်ကိုယ်ကို သေကြောင်းကြံတဲ့အထိ ဖြစ်တာရှိတယ်။ ဒီလိုဘဲ ထောင်ပိုင်တွေ ထောင်မှူးတွေ တန်းစီးတွေက အကျဉ်းသား တွေကို ပိုက်ဆံတောင်း၊ ပြီးရင် ထောင်ဝန်ထမ်းတွေက အဲဒီငွေတွေကို အချိုးကျပြန်ဝေငှစားနေတာ။ သိပ်လွန်နေပြီ” ဟု အဆိုပါအကျဉ်းသားက ပြောဆိုကြောင်း ဦးမောင်မောင်က ဆိုပါသည်။
ထောင်မှူးများ တောင်းသည့်ငွေကို အကျဉ်းသားများ မပေးပါက ခြိမ်းခြောက်ခြင်း၊ ထောင်ဝင်စာပိတ်ခြင်း၊ ခေါ်ယူစစ်ဆေးခြင်း၊ ဒေါက်ခတ်ခြင်း၊ တိုက်ပိတ်ခြင်း စသဖြင့် ပြုမူခြင်း ခံရကြောင်း ကိုယ်တိုင်ကြုံရသည့် အကျဉ်းသားများက ပြန်လည်ပြောပြသည် ဟု ဆိုပါသည်။
ထို့ကြောင့် ထောင်အာဏာပိုင်များ၏ တရားလက်လွှတ်ဆောင်ရွက်နေမှုများကို စစ်ဆေးဖော်ထုတ်ခြင်းဖြင့် အကျဉ်းသားများ ဘဝ ကို နားလည်ကယ်မပေးပါရန် ဟူ၍ ပြည်နယ်ဝန်ကြီးချုပ်ထံ စာရေးတင်ပြထားပါသည်။
စိုင်းအောင်မြတ် (ခေါ်) ခမ်းဟုန်သည် စိုင်းနော်ခမ်းအဖမ်းမခံရခင် ၁၀ ရက်အလိုဖြစ်သော ၂၀၁၂ ဧပြီလ ၁၅ ရက် နေ့တွင် နောက်လိုက် ၂၅ ယောက်နှင့်အတူ တာချီလိတ်၌ လက်နက်ချခဲ့သည်။ စိုင်းနော်ခမ်းအမှု၌ နိုင်ငံတော် သက်သေအဖြစ် စစ်ဆေး ရန် စိုင်းအောင်မြတ်အား မြန်မာအစိုးရက တရုတ်အစိုးရထံသို့ ကျိုင်းတုံ၌ အခမ်းအနား အဖြင့် ၂၀၁၂ ဂျူလိုင်လ ၂၈ ရက် မနက် ၄ နာရီ က လွှဲအပ်ခဲ့သည်။ စိုင်းနော်ခမ်းဆေးထိုးသတ်ခံရပြီး နောက် ယခုနှစ်မတ်လ ၁၇ ရက်နေ့က ၎င်းအား တရုတ် အစိုးရက မြန်မာအာဏာပိုင်ထံသို့ ပြန်လည်ပေးအပ်ခဲ့သည်။ ထိုနောက်ပိုင်း ယနေ့တိုင် ကျိုင်းတုံအကျဉ်းထောင်တွင် ဆက်လက်ဖမ်းချုပ်ခံထားရဆဲဖြစ်သည်။