မိုးသည်းထံစွာရွာသွန်းမှုကြောင့် တောင်ကျချောင်း နှင့် မြစ်ရေ ချောင်းရေများ လျှံကာ သျှမ်းပြည်ရှေ့ပိုင်း ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ် ၊ သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် နှင့် အခြားများနယ်များ၌ ကျေးရွာ နေအိမ် လယ်ယာ စိုက်ပျိုးရေးခြံများ ရေလွှမ်းမိုးတိုက်စားခြင်းခံရကြောင်း ကြားသိရပါသည်။
“ကျိုင်းတုံမြို့နယ်ထဲက ကတ်ဖှာ့ ကျေးရွာအုပ်စု ကတ်ဝုံ(န်)ကျေးရွာမှာနဲ့ မိုင်းဖြတ် အဝင် ၁၂ မိုင် အလို ဆွပ် လောင်း(ဝ်) ကျေးရွာမှာ အိမ်တချို့ တော်တော်ပျက်စီးတာ။ လိုအပ်ချက်တချို့ ကျနော်တို့ သွားရောက် ကူညီ တယ်။ ဒေသခံ အဖွဲ့အစည်းနဲ့ပေါ့၊ RCSS လဲပါတယ်။ တခြား NGO တို့ ဘာတို့ တော့ လာရောက်ကူ ညီတာ မတွေ့သေးဘူး” - ဟု ကျိုင်းတုံမြို့ခံ စိုင်းတစ် ပြောပါသည်။
ယခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ကျိုင်းတုံမြို့ ကတ်ထိုက်ကျေးရွာအုပ်စု၊ ဝတ့် ဆောင်း(ဝ်း) ကျေးရွာအုပ်စု၊ ကတ်တောင်(ဝ်) ကျေးရွာအုပ်စု အတွင်း ဝတ်ကောင့်ဘုန်းကြီးကျောင်း၊ ကျေးလက်ဒေသန္တရ ဆေးပေးခန်း၊ ကြက်ခြံ၊ ကျွဲ၊ နွား၊ အိမ်မွေး ကြက်ဝတ်များ၊ လယ်ဧက ၃၀၀ - ၄၀၀ ကြား ရေလျှံမှုနှင့်အတူ ပျက်စီးဆုံးရှုံးသွားကြောင်း ဒေသခံများ ပြောချက်အရ သိရပါသည်။
“ကျိုင်းတုံမှာက နမ့်လပ်ချောင်း၊ နမ့်ခင်ချောင်းပေါ့၊ မိုင်းဖြတ်မှာတော့ တောက်ကျချောင်းရေလေ၊ ရေလာတာ အရမ်းမြန်တယ်။ ရေလွမ်းခံရတဲ့အိမ်က ၅၁ လုံး၊ ကမ်းပါးနဲ့ အတူ ရေတိုက်စားခံရတာက အိမ် ၈ လုံး ဆွပ်လန်းရွာကပေါ့ ။ နေအိမ်သုံးလုံးကတော့ လုံးဝ နေလို့ရတော့ဘူး” - ဟု မိုင်းဖြတ်မြို့ခံ ကားဆရာတဦး က ပြောပါသည်။
အလားတူ ယခင်က မြေငလျင်ဒဏ် ခံရသော တာလေမြို့နယ်ခွဲတွင်လည်း ရေလွှမ်းမှုခံခဲ့ရသည်ဟု အဆိုပါကားဆရာကပြောသည်။
“ အဲလောက်တောင်မှ သစ်ပင်တွေခုတ် သစ်တောတွေပြုန်းနေတာ ရေမလွှမ်းဘဲနေမလား။ လူတွေက သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးနေတော့ အခုသဘာဝဘေးက လူတွေကို ဒဏ်ပြန်ခတ်တာလေ။ အဲတာကြောင့် ဒီဘေးတွေ ကာကွယ်ဖို့ တတ်နိုင်သလောက် သစ်ပင်စိုက်ကြစေချင်တယ်” ဟု ကျိုင်းတုံလူငယ် အိုက်စိုင်းက လည်းပြောဆိုတိုက်တွန်းလိုက်ပါသည်။
ထို့အတူ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေကြီးမှုကြောင့် တာလော့ရပ်ကွက် နှင့် တာလော့ဈေး ရေကြီးကာများစွာ ဆုံးရှုံး ကြောင်း၊ တာလေမြို့နယ်ခွဲ အတွင်းတွင်လည်း နမ့်လိန်းချောင်းရေကြီးမှုကြောင့် တာချီလိတ် ကျိုင်းတုံလမ်း (၁၀၊ ၈၊ ၂၀၁၃ ) ပြတ်တောက်သွားခဲ့သည်ဟု ဒေသတွင်း ကားဆရာများကပြော သည်။
“ကျနော်တို့ မိုင်းပန်မှာတော့ ဗျာ။ တောတောင်က မိုးရေတွေကို စုပ်ထိန်းထားနိုင်အားမရှိတော့ မိုးကြီးလာတာနဲ့ နမ့်ပန်ချောင်း ရေတက်တယ်။ လယ်တွေအများအပျားဆုံးရှုံးတယ်။ ဧက နဲ့ ကတော့ ကျနော်လဲ မတွက်တတ်ဘူး” - ဒေသခံ စိုင်းခမ်းဆိုင် က ပြောပါသည်။
မိုင်းပန်မြို့နယ်တွင်၊ ကျောင်းလွယ်နွဲ့၊ ဝမ့်လွယ်နွဲ့၊ ခိုလုံလွယ်နွဲ့တို့တွင် ရေလွှမ်းသွားကြောင်း၊ နောင်ပါမွန်ရွာ အ နောက် ဘက်ကားလမ်း နှစ်မြှုပ်မှုကြောင့် ၁၀ ရက် ၁၁ ရက်နေ့ ကားလမ်းပြတ်တေောက်သွားကြောင်း၊ မြို့ မြောက်ဘက် မြို့တောင်ဘက် ကောက်စိုက်ပြီးလယ်များ ပျက်စီးမှုများကြောင်း အဆိုပါဒေသခံကပြောပါ သည်။
သျှမ်းပြည်မြောက်ပိုင်း၊ မူစယ်မြို့နယ် နမ့်ပေါ့ချောင်း၊ လားရှိုးမြို့နယ် နမ့်ယော်(ဝ်)ချောင်း၊ သိန္နီမြို့နယ် နှင့် သီပေါမြို့နယ် နမ့်တူမြစ် တို့လည်း ရေလျှံတက်မှုကြောင့် ပြည်ထောင်စုလမ်းမကြီး ပျက်တောက်သွားမှု ရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်