နေပြည်တော်ခရီးစဉ်နောက်ပိုင်း RCSS နှင့်အစိုးရစစ်တပ် တတိယအကြိမ်တိုက်ပွဲဖြစ်ပွါး

နေပြည်တော်ခရီးစဉ်နောက်ပိုင်း RCSS နှင့်အစိုးရစစ်တပ် တတိယအကြိမ်တိုက်ပွဲဖြစ်ပွါး
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီသည် နေပြည်တော်   ငြိမ်းချမ်းရေးခရီးစဉ်မှအပြန် မြန်မာစစ်တပ်နှင့် တတိယအကြိမ်မြောက်  တိုက်ပွဲကို သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဆင်နွဲခဲ့ရသည်ဟု ဆိုပါသည်။

RCSS/SSA တပ်သားများ (Photo:SHAN)

“အသေအပျောက်ရှိတယ်။ မြန်မာဘက်က ၁၀ ယောက်သေတယ်။ ၁၇ ယောက်ဒဏ်ရာရတယ်။ သျှမ်းတပ်ဘက်က ၁ ယောက်ဒဏ်ရာရတယ်” ကျောက်မဲဒေသခံတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

ဂျွန်လ ၂၃ ရက်  RCSS/SSA ဥက္ကဌ ဒု- ဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင်သောအဖွဲ့ နေပြည်တော်ခရီးစဉ်မှပြန် လာပြီး နောက်ပိုင်း ဂျွန်လ ၂၅ ရက်တွင် သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့နယ်အတွင်းလည်းကောင်း၊ ဂျွန်လ ၂၇ ရက် မိုင်းကိုင်မြို့နယ်အတွင်းလည်းကောင်း မြန်မာအစိုးရစစ်တပ်နှင့်တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ယခုတခါ ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။

ကျောက်မဲမြို့နှင့် ၁၀ မိုင်ခန့်ကွာဝေးသော ဟူးဆွန်အုပ်စုအတွင်း တိုက်ပွဲဖြစ်ပွါးခြင်းဖြစ်သည်ဟု ကျောက်မဲမြို့ ကျားဖြူပါတီ ဥက္ကဌ ၊ ပြည်နယ်လွှတ်တော်အမတ် စိုင်းခမ်းကျော်က အတည်ပြုပြောဆိုသည်။

“ ၂၄ ရက် ညနေက ဖြစ်တာတိုက်ပွဲက။  ကျနော့်ဇာတိရွာ ဟူးဆွန်ရွာ နားမှာဖြစ်တာ။ မနက်ပိုင်းက ရွာလမ်းကို ကျနော် သွားခင်းပေးသေးတယ်။  ကျနော် မြို့ပြန်တက်တာနဲ့ တိုက်ပွဲဖြစ်တာ။ ဟူးဆွန်ရွာနဲ့ ပုံးလုံရွာကြားက ပန်ခေးစိတ် ဆိုတဲ့ ပြင်မှာ ဖြစ်တာ။ မနေ့က ၂၅ ရက်နေ့ ကလဲ ကျောက်မဲကနေ နောင်ချို-မိုင်းတန်အသွား လမ်း မှာရှိတဲ့လွယ်အန်၊  ကောင်ခါး၊ ကွန်ငင်း ရွာဘက်မှာလဲ တိုက်ပွဲဖြစ်သေးတယ်။ RCSS နဲ့ ကျောက်မဲက တပ်နဲ့ဘဲ” ဟု စိုင်းခမ်းကျော် က သျှမ်းသံတော်ဆင့်အား ပြောပြသည်။

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် မြန်မာစစ်တပ် ခမရ ၅၀၁၊ ၅၀၂၊ ၅၀၄ တို့ အခြေစိုက်လှုပ်ရှားပါ သည်။ သို့သော်တိုက်ပွဲဖြစ်ပွါးသော တပ်အမည်များကိုမူ စုံစမ်းနေဆဲ ဖြစ်ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ဖြစ်ပွါးခဲ့သော တိုက်ပွဲများနှင့်ပတ်သက်၍ ကျောက်မဲမြို့ ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ဇေယျက စနေနေ့က ကျားဖြူပါတီ အမတ် စိုင်းခမ်းကျော်အားခေါ်၍ - ၎င်းထိန်းချုပ်နယ်မြေ အတွင်း တိုက်ပွဲဖြစ်ပွါးခဲ့ပါက အတူတကွ လက်တွဲပူးပေါင်းဖြေရှင်းကြမည် ဟု ပြောဆိုသည်ဟုဆို၏။

“ တိုက်ပွဲဖြစ်လာရင် မြန်မာစစ်တပ်ကို သွားဆွေးနွေးဖို့ လွယ်ကူပေမယ့်  ကျနော်တို့ သျှမ်းတပ်နဲ့ဆွေးနွေးဖို့က အချိန်ယူရ တယ်လေ။ အထက်ကိုတော်တော်နဲ့ မရောက်နိုင်ဘူးဖြစ်နေတယ်။ ဒေသတွင်းလှုပ်ရှားနေတဲ့ တပ်မှူးက ပြဿနာကို   လက်ခံဖြေရှင်းတာ သိပ်မရှိဘူး။ အထက်ကိုတင်ပြဖို့ စောင့်ရတယ်” ဟုလည်း စိုင်းခမ်းကျော်က ပြောပါသည်။

အစိုးရနှင့် အပစ်ရပ် ရေး ဆွေးနွေးပြီးနောက်ပိုင်း ယနေ့အထိ တိုက်ပွဲပေါင်း ၁၁၇ ပွဲ ဖြစ်နေရဆဲဖြစ်ကြောင်း (ပြည်သူ့စစ်နှင့်ပစ်ခတ်ရသည့်တိုက်ပွဲငယ်များ ပါမတွက်ရသေးကြောင်း) သျှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီမှ အရာရှိတဦးကပြောပါသည်။

Most read this week