သျှမ်းပြည်အလယ်ပိုင်း လူငယ်များ နိုင်ငံရေးဆိုင်ရာဗဟုသုတပေးသင်တန်းကို သျှမ်းပြည် တိုးတက် ရေးပါတီ ဌာနချုပ်ဝမ့်ဟိုင်းတွင် တပတ်ကျော်ကြာ ပြုလုပ်ခဲ့ရာ သင်တန်းသားလူငယ် ၈၀ ကျော် တက်ရောက်ခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။
သင်တန်းအား ဂျွန်လ ၂၄ ရက်မှ ဂျူလိုင်လ ၅ ရက်နေ့အထိ ၁၂ ရက်သာကာလ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကျေးသီးမြို့ နယ်၊ မိုင်းနောင်၊မိုင်းရှူး တန့်ယန်း၊ မိုင်းရယ် သီပေါ နမ္မတူ ဘက်မှ ဒေသခံလူငယ် ၈၅ ဦးတက်ရောက်ခဲ့သည်ဟု သင်တန်းသား အိုက်စိုင်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။
“ သျှမ်းပြည်လူငယ်များဆက်သွယ်ပူးပေါင်းဆောင်ရွက်ရေးအသင်း (SSYNC)ကနေ ကမကထပြု ပြုလုပ်ပေး ပါတယ်။ ဒေသခံလူငယ်တွေ နိုင်ငံရေးအသိအမြင်ကြွယ်ဝလာအောင်၊ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအပေါ် သုံးသပ် လေ့လာတတ်အောင် ရည်ရွယ်ခြင်းပြီး လုပ်ပေးတာဖြစ်တယ်လို့ပြောပါတယ်” အိုက်စိုင်းကပြန် လည်ပြော ပြပါသည်။
သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ် ကျားဖြူပါတီ၊ သျှမ်းတိုင်းရင်းသာများဒီမိုကရေစီအဖွဲ့ချုပ် ကျားခေါင်း ပါတီ၊ ဆိုင်ပဲန်းမီဒီယာ၊ ကော့လီမီဒီယာနှင့် သျှမ်းလူငယ်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ ခမ်းကူ လေ့လာရေးနှင့်ဖွံ့ဖြိုးရေးစင်တာတို့မှ သင်တန်း ပေးခဲ့ကြကြောင်း သိရသည်။
“ နိုင်ငံရေးဆိုင်ရာ ဗဟုသုတသင်တန်းတွေ အမြင်ဖွင့်သင်တန်းတွေဆိုတာ မရှိခဲ့ဖူးတဲ့အတွက်၊ ရှိခွင့်မရ ခဲ့တဲ့ အတွက် ကျနော်တို့ သျှမ်းလူငယ်တွေကြားမှာ နိုင်ငံရေးနှိုးကြားမှု အရမ်းကိုအားနည်းပါတယ်။ အခုလိုသင်တန်း မျိုးကို လူငယ်တွေအတွက် ပါတီပေါင်းစုံ၊ လူမှုအဖွဲ့အစည်းပေါင်းစုံမှ ပူးပေါင်းပြီး ဖွင့်လှစ်တာဟာ ကျနော်တို့ရဲ့ အသံတွေ၊ ခံစားချက်တွေ၊ ရပ်တည်ချက်တွေ၊ တောင်းဆိုချက်တွေတူညီ နေတယ်ဆိုတာသက်သေ တစ်ခုပဲလေ။ ဒါကြောင့် ဒီလိုသင်တန်းမျိုးကို များများပို့ချပေးစေချင်ပါတယ်။ အဲ .. ပို့ချတဲ့နေရာမှာလည်း ကိုယ့်ပါတီမဲရဖို့ လောက်ပဲ ပို့ချတာမျိုးတော့ မဖြစ်စေချင်ဘူးပေါ့နော် ... Civil Education ပုံစံမျိုးနဲ့ ပို့ချတာဟာ ပိုပြီးကောင်းမွန်သင့်တော်မယ်လို့ ထင်မြင်မိပါတယ် ” ဟု ထိုသင်တန်းကို သွားရောက်ပို့ချပေးခဲ့ သည့် ခမ်းကူ လေ့လာရေးနှင့်ဖွံ့ဖြိုးရေးစင်တာမှ ဒါရိုက်တာ စိုင်းဆိုင်မိန်းက ပြောကြားပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း၊ အစိုးရအဖွဲ့၊ ဒီမိုကရေစီ၊ ဖက်ဒရယ်၊ ရွေးကောက်ပွဲစနစ်၊ လူငယ်များ နိုင်ငံရေး ကဏ္ဍတွင် လူငယ်များပါဝင်လာမှု၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မြန်မာ့နိုင်ငံရေးသမိုင်း၊ သျှမ်းနိုင်ငံရေးသမိုင်း၊ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေ၊ ၂၀၁၀ မှတက်လာသော အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်တာများနှင့် သျှမ်း ပြည် နယ် လွှတ်တော်အတွေ့အကြုံ စသည့်ဗဟုသုတများ ပို့ချ ဖလှယ်ပေးကြောင်း ဝမ့်ဟိုင်းမှ တာဝန်ရှိပုဂ္ဂိုလ် တဦးကလည်းပြောပြသည်။