လားရှိုးမြို့ မြို့လယ် အပန်းဖြေဥယျာဉ်ကြီးတစ်ခုဖြစ်သော နန်းဟေဝန်ပန်းခြံ အတွင်း ယခုလ ၄ ရက်နေ့က အသတ်ခံထားရသည့် အမျိုးသမီးတဦးအလောင်း တွေ့ရှိ ခဲ့ကြောင်းသိရသည်။
“ ၄ ရက်နေ့ မနက် ၁၀ နာရီက ကွတ်ခိုင်လမ်း နဘေး ဘက်ခြမ်း ထိုင်ခုံတန်းတစ်ခုဘေးမှာ အလောင်းကို တွေ့တာ ။ ၁၁ နာရီလောက်မှာ အလောင်းကို ရင်ခွဲစစ်ဆေးဖို့ လားရှိုးဆေးရုံ ကြီးကို ပို့ဆောင် ခဲ့ပါတယ်။ အလောင်းမှာ ရင် ၂ ခြမ်းလုံး၊ လည်ပင်းမှာနဲ့ နောက်ကျောမှာ ဓါးထိုးဒဏ်ရာ ၄ ချက် တွေ့ရှိခဲ့ပါတယ်” - ဟု သေဆုံးသူ၏ မိသားစုဝင်များကပြောပါသည်။
သေဆုံးသူ အမည်မှာ မမိုးဆွေဦး ဖြစ်ပြီး အသက် ၁၇ နှစ် ရှိကြောင်း၊ ပြီးခဲ့ သည့် စာသင်နှစ်တွင် ဆယ်တန်းဖြေ ဆိုရာ လက်ရှိ စာမေးပွဲကျပြီး အလုပ်ရှာနေသူ ဖြစ်ကြောင်း၊ ၂-၇-၂၀၁၃ နေ့ခင်း ၁၁ နာရီလောက်က အလုပ်ရှာရန် အိမ်မှထွက်သွားရာမှ ပျောက်ဆုံးသွားခဲ့ကြောင်း ၄င်း၏ မိဘများက ပြောဆိုပါသည်။ ထို့ကြောင့်၄င်း တို့နေထိုင်သောရပ်ကွက်ရုံး၊ နယ်မြေခံရဲကင်း၊ လူကုန်ကူး မှုတားစီးကာကွယ်ရေးအထူးအဖွဲ့သို့ မိဘများမှ လူပျောက် သတင်းပို့ခဲ့ ကြောင်း သိရှိခဲ့ရပါသည်။
“ သူ့မှာ ရွှေဆွဲကြိုးနဲ့ လက်စွပ် ၂ ကွင်း ၀တ် သွားတယ်။ သူအသတ်ခံရ တာ အဲဒီရွှေတွေက မပျောက်ဘူး။ ဘယ်သူက သတ်ပြီး ဘာအငြိုးနဲ့ သတ် တာလဲတော့မသိဘူး” ဟု မိသားစုဝင် တဦးက လည်းပြောသည်။
ဓါးဒဏ်ရာများမှာ လက်မဝက် ခန့် အရွယ်ဖြစ်သည်ဟု မှုခင်းဆရာဝန်နှင့် အနီးကပ်ရှိသူ ၀န်ထမ်း တစ်ဦးမှ ပြောပြ ခဲ့သည်။ အလားတူ သေဆုံးသူ၏ ဘေးတွင်လည်း အဆိုပါအရွယ် ဓါးတလက်ကိုပါ တွေ့ရှိသဖြင့် သက်သေခံပစ္စည်းဟု ယူဆရကြောင်း အဆိုပါ၀န်ထမ်းကပင်သုံးသပ်ပြောဆိုပါသည်။
သို့သော် သေဆုံးမှုတွင် အဓမ္မ ပြုကျင့်ခံရခြင်းမရှိကြောင်း မှုခင်းဆရာဝန်က ဆေးစာတွင် ဖော်ပြ ထားသည်။
လားရှိုးမြို့လယ်ခေါင်တွင်ဖြစ်ပွားခဲ့ပါသောလူသတ်မှုဖြစ်စဉ်အား ယခုအခါလားရှိုးမြို့ မြို့မ ရဲစခန်းမှ လူသတ်မှုပုဒ်မ(၃၀၂)ဖြင့်အရေးယူထားပြီး အမှုမှာမပေါ် သေးကြောင်းသတင်း ရရှိသည်။