မြန်မာစစ်တပ်သည် တောင်ပိုင်း ၀ တပ်ဖွဲ့ အမှတ် ၁၇၁ စစ်ဒေသ ထိန်းချုပ်နယ်မြေသို့ စစ်အင်အားဖြည့် နေခြင်းသာမက ယမန်နေ့က သျှမ်းပြည် တောင်ပိုင်းကျေးသီး မြို့နယ် ဝမ့်ဟိုင်းအုပ်စု သျှမ်းပြည်တိုး တက်ရေးပါတီ သျှမ်းပြည်တပ်မတော် ဌာန ချုပ်ဘက်နှင့် သံလွင်မြစ်အရှေ့ဘက်ခြမ်း သို့ပါစစ်အင်အားဖြည့် တင်းနေကြောင်း ဒေသတွင်းသတင်း ရပ်ကွက်ကဆို ပါသည်။
“ မနေ့က နမ့်ဇန်ဘက်ကနေတက်လာတယ်။ တင့်ကား၊ စစ်ယာဉ်တန်းတွေပါတဲ့ ကားအစီး ၃၀ လောက် ဝမ့်ဟိုင်းဘက် တက်သွားတယ်။ နောက်ပြီး တာ့ကော့တံတားကနေပြီးအရှေ့ဘက် မိုင်းပျင်းဘက်ကို အစီး ၁၀၀ လောက်သွားတယ်လို့လဲ ကွန်ဟိန်းက ကုန်သည်က ပြောပြတယ်” ဟု မိုင်းနောင်ဒေသခံတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။
အလားတူ SSPP/SSA ၏ တပ်မှူးများလည်း မြန်မာစစ်ကားများ အားဖြည့်သည်ဟု အတည်ပြုပြောဆို၏။ သို့သော် ပြောခွင့်ရ ပုဂ္ဂိုလ်ဗိုလ်မှူးစိုင်းလကမူ အတည်ပြုချက်မရသေးဟု သျှမ်းသံတော်ဆင့်အားပြောပါသည်။
မြောက်ပိုင်းသို့သာမက သျှမ်းပြည်အရှေ့ပိုင်း( ထိုင်းနိုင်ငံချင်းမိုင်ခရိုင်နှင့်မျက်နှာချင်းဆိုင်) မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ် ခွဲ အခြေစိုက် ဝ တပ်ဖွဲ့များထိန်းချုပ် နယ်မြေ သို့ လည်း မြန်မာစစ်တပ်စစ်ရေးပြင်ဆင် အင်အား ဖြည့်တင်းမှုကြောင့် တောင်ပိုင်း ၀ တပ်ဖွဲ့အတွင်း လှုပ်လှုပ်ရှား ရှားဖြစ်နေ ကြောင်း အရှေ့ပိုင်းသျှမ်းပြည် ဒေသခံများကပြောသည်။
“ ဇွန်လ နှောင်းပိုင်းကတည်းက ထိုင်းနယ်စပ်မှာရှိတဲ့ ၀ တပ်စခန်းတွေကို မြန်မာစစ်တပ်က တပ်ဆုတ်ခိုင်း တယ်လေ။ ဟွေ့အော့ဘက်အကုန်ပြန်ဖို့ပေါ့။ ၀ က တပ်မဆုတ်ပေးဘူးဆို တာနဲ့မြန်မာစစ်တပ်အင်အား သုံးပြီးလာဝိုင်းထားတယ်။ ပစ်ခတ်မှုတော့မဖြစ်ကြဘူး။ မြေပြန့်က စခန်းတွေမှာ ပြည်သူ့စစ်တွေဘဲထားပြီး ၀ တပ်ဖွဲ့တွေကတော့ တောင်ကုန်းတွေ အမြင့်ပိုင်းနေရာ ကို နေရာယူထားကြပြီ။ ရွာသားတွေ လယ်ယာခြံလုပ်ငန်းလဲရပ်နားထားကြတယ်။ ရော်ဘာခြံတွေထဲမှာလဲ ခြုံနွယ်ပိတ်ပေါင်းတွေ ထူနေပြီ။ အလုပ်မလုပ်ကြတော့ဘူး။ ဒီတပတ်ထဲမှာ ၀ ရွာသားတွေ သူတို့ပိုင်တဲ့ ကြက်ဝက်နွားတွေ ပစ္စည်းတွေ မြို့တက်ရောင်းနေကြပြီ။ ရှုပ်လာရင်တော့ နယ်စပ်ဘက်ကိုထွက်ပြေးကြဖို့စီစဉ်ထားတယ်လို့ပြောကြတယ်။ တိုက်တောင် မတိုက်ရသေးဘူး။ အခုလို တပ်လှန့် တုန်လှုပ်နေကြပြီ ။ အခြေအနေကတော့ သိပ်မကောင်းဘူး ” ဟု သျှမ်း ပြည်အရှေ့ပိုင်း မိုင်းတုံမြို့မှ ဒေသခံတဦးကပြောသည်။
တဖက်ကလည်း RCSS/SSA နှင့် မြန်မာစစ်တပ်တို့ပူးပေါင်း၍ ဝ တပ်ဖွဲ့အား တိုက်ခိုက်မည်ဟု ဝ တပ်ဖွဲ့နှင့် ဒေသခံများ အကြားသတင်းပျံ့နှံ့နေမှုကြောင့် ထိုသို့ တပ်လှန့်နေကြခြင်းလည်းဖြစ်ကြောင်းဒေသခံများက ပြောပါသည်။ ဤကိစ္စနှင့် စပ်လျဉ်း၍ RCSS/SSA ဘက်မှ အခြေအမြစ်မရှိကြောင်းငြင်းပယ်ခဲ့ပြီးဖြစ်သည်။
ထို့သို့ မြန်မာစစ်တပ်မှ အဘက်ဘက်သို့ စစ်အင်အားပို့ဆောင်နေခြင်းမှာ တောင်ပိုင်း ၀ တပ်နှင့် မြောက်ပိုင်း ဝ တပ်အား ဆက်သွယ်ရေးဖြတ်တောက်လိုခြင်းကြောင့်လည်းဖြစ်နိုင်ကြောင်း သျှမ်းပြည်တပ်မတော် SSPP/SSA မှ အရာရှိများက သုံးသပ်ပြောဆိုပါသည်။
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ဗျူဟာမှူးဗိုလ်မှူးကြီး စိုးတင့်နိုင် သည် တောင်ပိုင်း ၀တပ်ဖွဲ့၏တပ်စခန်း များအားလုံး ၏ စာရင်းကိုပို့ပေးရန် ပြီးခဲ့သည့်အပတ် တောင်းဆိုထားခဲ့သည်။