သျှမ်းစာပေ ယဉ်ကျေးမှုချစ်မြတ်နိုးသူများ၊ သမိုင်းပညာရှင်များ စုပေါင်း၍ The 1st International Seminar of Thai Yai Studies အား ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့၌ နှစ်ရက်ကြာ ကျင်းပခဲ့သည်။
ပထမရက် အစီအစဉ်တွင် ဆရာ စိုင်းအောင်ထွန်းက သျှမ်းသမိုင်း ကြောင်း၊ သျှမ်းသံတော်ဆင့် အယ်ဒီတာချုပ် ဦးခွန်စိုင်း က မယ်ဟောင်ဆောင်မြို့ သမိုင်း ကြောင်း၊ တခြားသော ပညာရှင် များက သျှမ်းပုရပိုဋ်စာ ၊အာဟုမ် သျှမ်း အကြောင်း စသည့်ခေါင်း စဉ်များဖြင့် ဟောပြောကြသည်။ ထို့အပြင် အခမ်းအနား၌ သျှမ်းတိုင်းရင်းသားတို့၏ရိုးရာ ယဉ်ကျေးမှုများ၊ အသုံးအဆောင် ပစ္စည်းများ၊ ၀တ်စား ဆင်ယင်ပုံ များကို ခင်းကျင်းပြသပြီး ရိုးရာအစားအစာ များကိုလည်း ခင်းကျင်းရောင်းချသည်။
“ကောက်ညှင်းဟာ သျှမ်းလူမျိုးတွေရဲ့ ရိုးရာအစားအစာဖြစ်တယ်။ ကောက်ညှင်းကိုလည်း ကြိုက်ကြတယ်။ကောက် ညှင်းစားတာဟာ အားရှိဖို့အတွက် ဖြစ်တယ်။ ကောက်ညှင်းစားတဲ့အခါ လုံးပြီးစားတော့ ကောက်ညှင်းဟာ စေးပြီး လုံးနေတယ်။ ဒါကြောင့် သျှမ်းလူမျိုးတွေလည်း အဲဒီလိုဖြစ်သင့်တယ်” ဟု အဆိုပါအခမ်းအနား၌ မြန်မာ့ သမိုင်း ပညာရှင် ဥက္ကဌ (အငြိမ်းစား) ဆရာကြီး စိုင်းအောင်ထွန်း က ပြောသည်။
သျှမ်းလူမျိုးတို့သည် တခြားလူမျိုးများ မတွေးမိ မလုပ်လေ့ရှိသော အချက်အလက်များကို အသုံးပြု တတ်ကြ ကြောင်း၊ ဥပမာ တခြားလူမျိုးများက ချက်ပြုတ်စားသောက်နိုင်ခြင်းမရှိသည့် ဟင်းသီးဟင်းရွက်များကို အရသာရှိရှိ ချက်ပြုတ်စားသောက်နိုင်ကြောင်း - ဥပမာ ၀ ဥ (မုတ်) ကဲ့သို့အစားအစာမျိုးဖြစ်ကြောင်းထောက်ပြပါသည်။ ထို့အပြင် ခန္တီးသျှမ်းများက ဆင်ဖမ်းရာတွင် ကျွမ်းကျင်ပြီး ဆင်နှင့်လယ်ထွန်ကြောင်း၊ ထို့ကြောင့်သျှမ်းလူမျိုးများ သည် ပညာရှိကြောင်း၊ သို့သော် မိမိတို့ ပညာရှိသည်ကို သတိမမူမိကြောင်း ဆရာကြီး စိုင်းအောင်ထွန်း ကပြော ပါ သည်။
ဒုတိယရက်တွင်မူ နံနက်ပိုင်းနှင့်နေ့ခင်းပိုင်း ဟူ ၍ ကဏ္ဍ များခွဲကာ ဗီယက်နမ်နိုင်ငံရှိ တိုင်းလမ်သျှမ်း၊တရုတ် နိုင်ငံရှိ ဆစ်ဆောင်ပန်းနားသျှမ်း၊ အိန္ဒိယနိုင်ငံ အာသံပြည်နယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အာဟုမ်သျှမ်းများ အ ကြောင်း၊ သျှမ်းစာပေ ပုရပိုဋ်အကြောင်း၊ သျှမ်းရိုးရာ တူရိယာအကြောင်း၊ အာဆီယံကွန်မြူနတီဖြစ်လာပါက သျှမ်းလူထုတို့ မည်သည့်အကျိုးအမြတ်များရရှနိုင်မည်ဆိုသည့် အကြောင်းနှင့် သျှမ်းရိုးရာအစား အစာအကြောင်း တို့ကို ဆွေးနွေးပြောဆိုမှုများရှိခဲ့သည်ဟုဆိုပါသည်။
The 1st International Seminar of Thai Yai Studies ကို မယ်ဟောင်ဆောင်မြို့၌ ဂျွန်လ ၂၉-၃၀ ရက် ၂ ရက်တာ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ပြည်တွင်း-ပြည်ပမှ ဧည့်သည်တော် ၃၀၀ ကျော် တက်ရောက် သည်။
၂၁၀၇ သျှမ်းနှစ်သစ်ကူး(ယမန်နှစ် ၂၀၁၂ ဒီဇင်ဘာ)ပွဲတော်အား ကျိုင်းတုံ မြို့၌စုပေါင်းကျင်းပစဉ်တွင် အဆိုပါ အခမ်းအနားကဲ့သို့သျှမ်းပြည်တွင်း၌ ပထမဦးဆုံးကျင်းပခဲ့ဖူးသည်။ ထိုင်းနိုင်ငံမယ်ဟောင်ဆောင်မြို့မှာမူသျှမ်းများ လေ့ လာရေးဆိုင်ရာ အဆောက်အဦးဆောက်လုပ်ပြီးစီးကာ သျှမ်းများဆိုင်ရာလေ့လာမှု ဆဲမ်မီနာပထမဆုံး အကြိမ် ကျင်းပခြင်းဖြစ်သည်။
ထိုင်းယိုင် (ခေါ်) သျှမ်းနှင့် မျိုးနွယ်တူ လူမျိုးစုများမှာ ကိုယ်ပိုင်နိုင်ငံ၊တိုင်းပြည်ဖြင့်ရပ်တည်နေခဲ့ကြသည့်ထိုင်း၊ လောဝ်( လာအို) တို့ အပြင် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့တွင်လည်း နေထိုင် ခဲ့ကြသည်။ မြန်မာနိုင်ငံက သျှမ်းလူမျိုးများအပါအဝင် ကမ္ဘာပေါ်တွင် သျှမ်းမျိုးနွယ်စုလူဦးရေ သန်းပေါင်း ၁၀၀ ထက်မ နည်း ရှိသည်ဟု ကူကဲလ်တွင်ဖော်ပြထားသောအချက်အလက်များ အရသိရ ပါသည်။