ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကော်စီ UNFC က တိုင်းရင်းသား ပူးပေါင်းဆောင် ရွက်ရေး လုပ်ငန်းကော်မတီ WGEC မှ နှုတ်ထွက်လိုက်ကြောင်း သိရပါသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဂျွန်လ ၄ ရက်နှင့် ၅ ရက် ၂ ရက်တာ ကျင်းပခဲ့သည့် WGEC အစည်းအဝေး၌ UNFC က နှုတ်ထွက်မည်ဟု ပြောကြားလိုက်ခြင်းဖြစ်သည်။
ထိုအစည်းအဝေးသို့ UNFC အဖွဲ့ဝင်များဖြစ်သည့် ရခိုင်အမျိုးသားကောင်စီ(ANC)၊ ချင်းအမျိုးသား တပ်ဦး(CNF) ၊ ကချင်လွတ်လပ်ရေးအဖွဲ့ ချုပ်(KIO) ၊ ကရင်အမျိုးသား အစည်းအရုံး(KNU) ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် (SSPP/SSA)တို့အပြင် ရခိုင်လွတ်မြောက်ရေးပါတီ(ALP)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင် စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် လူမှုအခြေပြု အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။
“အစိုးရနဲ့ ဆွေးနွေးဖို့အဖွဲ့ ဖွဲ့တဲ့အခါမှာ အခက်အခဲပြဿနာရှိလာတယ်။ သမ္မတဦးသိန်းစိန် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကမ်းလှမ်းတဲ့နောက်ပိုင်း UNFC က အစည်းအဝေးခေါ်ပြီး ဖွဲ့ထားပြီးပြီ။ အသစ်ဖွဲ့ဖို့ မလိုတော့ဘူး။ အဖွဲ့သစ်တခုပါရင် UNFC + ၁ ဖြစ်မယ်။ ၂ ခုပါရင် UNFC + ၂ ဖြစ်မယ်။ ဒါပေမဲ့ WGEC က အသစ်ပြန်ဖွဲ့ဖို့ အဆိုပြုတယ်။ ဒါကြောင့် မပါဝင်ဖို့ ဆုံးဖြတ်ရတာပါ။ WGEC ကို အပြစ် တင်တာလည်း မရှိပါဘူး” ဟု UNFC ဒု- အထွေထွေ အတွင်းရေးမှူး ခွန်ဥက္ကာက ပြောပါသည်။
ဂျွန်လ ၁ ရက်မှ ၃ ရက်ထိ ကျင်းပပြုလုပ်သည့် UNFC အစည်းအဝေးတွင် WGEC မှ နှုတ်ထွက်မည်ဟု ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ဆို၏။
တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ WGEC ကို ၂၀၁၂ စက်တင်ဘာ ၁၄ ရက်မှ ၁၆ ရက်ထိ ကျင်းပသည့် တိုင်းရင်းသား ညီလာခံကြီးမှ ဖွဲ့စည်းခဲ့သည်။
“နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်ရေးဆွဲဖို့ WGEC ကို ဖွဲ့လာတယ်။ အခု မူဘောင်ရေးဆွဲတာ လည်း ပြီးသွားပြီ။ ဒါကြောင့် အစိုးရနဲ့ နိုင်ငံရေး ဆွေးနွေးဖို့ အဓိက အာရုံစိုက်ရတော့မယ်” ဟု UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောပါသည်။
WGEC ၏ လမ်းပြမြေပုံ Road Map ၆ ချက်မှာ
၁ - နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်ရေးဆွဲရန်
၂ - အစိုးရနှင့် ဆွေးနွေးပြီး ‘နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်’ ကို သဘောတူညီချက် ရယူရန်
၃ - ပြည်နယ်အလိုက် ညီလာခံကျင်းပရန်
၄ - ပြည်နယ်အားလုံး စုပေါင်းပြီး ညီလာခံကျင်းပရန်
၅ - တတိုင်းပြည်လုံး အတိုင်းအတာနှင့် ပြည်ထောင်စု ညီလာခံကြီး ကျင်းပရန်
၆ - အချိန်သတ်မှတ်၍ အထက်ပါ အချက် ၅ ချက်ကို လုပ်ဆောင်သွားရန် - တို့ဖြစ်သည်။
တဖက်၌လည်း WGEC ၏ လုပ်ငန်းတာဝန် မပြီးဆုံးသေးကြောင်း၊ အဆင့် ၅ ရောက်မှ WGEC ၏ လုပ်ငန်းများ ပြီးဆုံးမှာဖြစ်ကြောင်း WGEC အဖွဲ့ဝင်တချို့က ထောက်ပြကြသည်။
“ဒီနှစ်အတွင်း နောက်ထပ် ကျင်းပမဲ့ တိုင်းရင်းသား ညီလာခံကြီးမှာ WGEC က ဘာတွေလုပ်ခဲ့သလဲ၊ ဆက်လက်ရပ်တည်မယ်-မရပ်တည်ဘူး၊ အလားတူအဖွဲ့တခုဖွဲ့မယ်-မဖွဲ့ဘူးဆိုတာ တင်ပြရမယ်။ ဒီအတောအတွင်းတော့ WGEC က UNFC အပါအဝင် အဖွဲ့အားလုံးကို နည်းပညာပိုင်း ကူညီပံ့ပိုးပေး မယ်” ဟု Dr. ဆလိုင်းလျံမုန်းဆာခေါင်း က ပြောပါသည်။
သို့သော် UNFC က WGEC မှ နှုတ်ထွက်လိုက်ခြင်းသည် အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးသည့်အခါမည်သို့ အကျိုးသက်ရောက်နိုင်သည်ကို ထောက်ပြသွားခြင်း မရှိပေ။