သျှမ်းပြည်နယ်နေ့က အဓမ္မမှုကျူးလွန်သည့် တပ်သား ထောင်ဒဏ် ၉ နှစ်ချမှတ်ခံရ

သျှမ်းပြည်နယ်နေ့က အဓမ္မမှုကျူးလွန်သည့် တပ်သား ထောင်ဒဏ် ၉ နှစ်ချမှတ်ခံရ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင်  ဖေဖော်ဝါရီလ (သျှမ်းပြည်နယ်နေ့) က သားသည်မိခင်တဦး အား ဓါးပြတိုက် မုဒိန်းကျင့်သည့် အစိုးရတပ်ပြေးအားယနေ့  လူထုတရားရုံး၌ ပြစ်ဒဏ်ချမှတ်ခဲ့ရာ ထောင်ဒဏ် ၉ နှစ် ချမှတ်ခံရကြောင်း ဒေသခံများကပြောသည်။

“အစက သူ့ကို အထူးစစ်ခုံရုံးဖွဲ့ပြီးစစ်ဆေးမယ်လုပ်သေးတယ်။ ဒါပေမယ့် နောက်တော့ စစ်တပ်က တာဝန် ၀တ္တရား လစ်ဟင်းမှု ၊ မူးယစ်မှုဘဲကိုင်တယ်။ ဆိုတော့ မြို့နယ်တရားရုံးကနေ သူ့ကို မုဒိန်းကျင့်မှု ထောင်ဒဏ် ၆ နှစ်၊ ညအချိန်ပုန်းလျှိုးကျော်နင်းမှု ထောင်ဒဏ် ၂ နှစ် နဲ့ စစ်တပ်ကပေးတာအလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ် စုစုပေါင်း သူ့ကို ထောင်ဒဏ် ၉ နှစ်ချမှတ် ပေးတယ်” ကျေးသီးမြို့ခံ ပါ့အေးနန်းက သျှမ်းသံတော်ဆင့် အားပြောပြသည်။

ဖေဖော်ဝါရီ ရ ရက် ညသန်းခေါင်အချိန်က ကျေးသီးမြို့ မိုင်းနင်အုပ်စု နောင်ယုံးရွာသူ တဦးအား ခလရ ၁၃၁ မှတပ်သား မောင်ဦး က ဓါးပြတိုက်အဓမ္မ ပြုကျင့်ခဲ့သည်။ ထိုသို့မပြုကျင့်မီကလည်း နောင်ယုံးရွာထဲရှိ  အိမ်နှစ်လုံးကို ခိုးဝင်ခဲ့သေးကြောင်း၊ ကျေးရွာအတွင်း ရေအားလျှပ်စစ်မီးကြိုးအားလည်းခုတ်ဖြတ်ခဲ့သေး ကြောင်း သိရသည်။

အဆိုပါတပ်သားမောင်ဦးသည်  ၂၀၁၁ က တကြိမ် ၂၀၀၇ ကတကြိမ် သျှမ်းပြည်အလယ်ပိုင်း ဒေသခံအမျိုး သမီးများအား မုဒိန်းကျင့်ခဲ့ဖူးသည်ဟုလည်း ကျေးသီးမြို့ခံများက ပြောပြသည်။

“အဲဒီအချိန်တွေတုန်းက  စစ်အုပ်ချုပ်ရေးစနစ်ဆိုတော့  လျော်ကြေးလဲမရ၊ ပြစ်ဒဏ်လဲမစီရင်ဘဲ အဲလိုဘဲပြီး သွားတယ်။ အခုတော့ ကျနော်တို့ မြို့နေလူထုတွေ ရပ်မိရပ်ဖနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့အင်အားနဲ့ အလကားဖြစ်မသွားအောင် ဝိုင်းကူပြီးတွန်းအားပေးကြတယ်။ ဆိုတော့အမှုကိုစီရင်နိုင်ခဲ့တယ်” ဟု ဒေသခံ စိုင်းခမ်းကလည်း သျှမ်းသံတော်ဆင့်အား ပြောပြသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တပ်မတော် အခန်းကဏ္ဍ ၊ အခန်း ၈ ပုဒ်မ ၃၄၃ စစ်ဘက်တရားစီရင်ရာတွင် - တပ်မတော် သားများအတွက် အဖွဲ့ဖြင့်ဖြစ်စေ၊ တဦးတည်းဖြစ်စေ ဥပဒေနှင့် အညီစီရင်နိုင်သည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည် ဟုပါရှိပါသည်။

Most read this week