သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် တွင်ဖြစ်ပွါးနေသော ဘာသာရေးပဋိပက္ခနှင့်ပတ်သက်၍ သျှမ်း တိုင်းရင်းသား များအားလုံး ဤပဋိပက္ခတွင်ပါဝင်ခြင်းမပြုရန် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် လားရှိုးမြို့က ကြေငြာ ချက်ထုတ်ပြန်လိုက်ပါသည်။
မေလ ၃၀ ရက် ၂၀၁၃ ရက်စွဲဖြင့် ကြေငြာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ကြေငြာချက်တွင် အချက် ၃ ချက်ပါဝင်ပါသည်။
၎င်းနှင့်ပတ်သက်၍ လားရှိုးမြို့ SNLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းလူက“ ပဋိပက္ခဖြစ်နေတာ ကြည့်ရင် မြို့ခံမဟုတ်တဲ့ မျက်နှာစိမ်းတွေများတယ်။ အပြင်လူများတာတွေ့ရတယ်။ ဆိုတော့ အနောက် ကနေ ကြိုးကိုင် ပြီးတိုက်ပေးတဲ့အဖွဲ့လဲ များလိမ့်မယ်လို့ ယူဆရတယ်။ ကျနော်တို့အနေနဲ့ တော့ အဲဒီပဋိပက္ခမှာ လုံးဝ ပါဝင်ပတ်သက်ခြင်း မရှိရပါဘူး။ ဒါကြောင့် ဒေသခံ သျှမ်းလူထုအားလုံးကိုလဲ မျက်လုံးကျယ်ကျယ် ဖွင့်ကြည့်ပါ။ အဘက်ဘက်ကို နားစွင့်ကြည့်ပါ။ ပြီးမှ ဖြစ်နိုင်ချေရှိတာ ကိုဆုံးဖြတ်ပါ။ ပဋိပက္ခထဲလုံးဝ မဝင်ပါမိပါစေနဲ့ လို့ သတိပေးထားတဲ့ ကြေငြာချက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်” ဟု သျှမ်းသံတော်ဆင့်အား ပြောဆိုပါသည်။
လားရှိုးမြို့၌ ယနေ့အခြေအနေမှာ တမြို့လုံး ဈေးကြီး ၊ ဈေးဆိုင်များ အိမ်များ တံခါးပိတ်ထားပြီး ဗမာဘုန်းကြီးကျောင်း များတွင်မူ လုံခြုံရေး အထူအထပ်ချထားကာ အထူးစောင့်ကြပ်နေကြကြောင်း လားရှိုးမြို့ခံ လူငယ်တဦးကလည်း ပြောသည်။
“ ဗမာဘုန်းကြီးကျောင်းမှာတော့ လုံခြုံရေးအထူးချထားတယ်။ သျှမ်းဘုန်းကြီးကျောင်းတွေမှာတော့ လုံခြုံရေး မတွေ့ရဘူး။ ဒါပေမယ့် ပေါ့လျော့မှုတော့ မရှိပါဘူး။ ကျောင်းတံခါးပိတ်ပြီး ကျောင်းထဲမှာ အေးအေးဆေးဆေးနေနေကြတာ တွေ့ရပါတယ်။ ကျောင်းပြင်ထွက်တာ မတွေ့ရပါဘူး” ဟု အဆိုပါလူငယ်က သျှမ်းသံတော်ဆင့်အားပြောပြသည်။
မေလ ၂၈ ရက်က စတင်ခဲ့သော အမျိုးသမီးတဦးအား မူစလင်ဘာသာဝင်တဦးက ဓါတ်ဆီလောင်းမီးရှို့မှု ကြောင့် လားရှိုးမြို့တွင် ဘာသာရေးအဓိရုဏ်း ဖြစ်ပွားရာ နေအိမ်များ ဗလီများ မူစလင်ဘာသာဝင်များ၏ စီးပွါးရေးလုပ်ငန်းများ မီးရှို့ဖျက်ဆီးခံရပြီး ရိုက်နှက်မှုကြောင့် လူ ၄ ဦး ဒဏ်ရာရကာ ၁ ဦးသေဆုံးကြောင်း လားရှိုးမြို့ခံများက ပြောပြသည်။