သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၌ အမျိုးသမီးတစ်ဦးအား မူစလင်ဘာသာဝင်ဟု ယူဆရသည့်အမျိုးသား တဦး က ဓါတ်ဆီလောင်း မီးရှို့မှုကြောင့် ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားပြီး ဗလီ နှင့် အနီးအနားရှိ အိမ်ခြေ အဆောက်အဦးများ မီးရှို့မှု ယနေ့ညပိုင်း၌ ဖြစ်ပွားခဲ့သည်။
“မူစလင်ဘာသာဝင် သူတဦးလို့ယူဆရတဲ့ ယာဘမူးလူတယောက်က ဓါတ်ဆီရောင်းတဲ့ ကောင်မလေးကို ဓါတ်ဆီလောင်း မီးရှို့လိုက်တာ။ သူ့ကိုတော့ ဒီညနေပိုင်းကဘဲ ရဲကဖမ်းသွားပြီ။ ဒါပေမယ့် လူတစုက တရားခံကို ရဲဆီမှာသွားတောင်းတယ်။ ရဲက ထုတ်မပေးတဲ့အတွက် မကျေနပ်လို့ ရပ်ကွက် ၂ လွယ်ရိုးဈေးနား က ဗလီ နဲ့ အိမ်တွေကို မီတင်ရှို့တော့တာဘဲ” - ဟု လားရှိုးသား အိုက်ပီးလုံ က ပြောပါ သည်။
အဆိုပါ ရုန်းရင်းဆန်ခတ်မှုကြောင့် (ယခုသတင်းရေးစဉ် မြန်မာစံတော်ချိန်ည ၁၀ နာရီအထိ) လာရှိုးမြို့ (လွယ်ရိုး) မြို့မ ဈေးကြီးအနီး ဗလီတလုံး၊ မူစလင်ဘာသာဝင် မိဘမဲ့ကျောင်းတကျောင်း၊ အိမ် ရ လုံး မီးလောင်ကျွမ်းကာ အနီးနားဝန်းကျင်အား အာဏာပိုင်များက သွားလာခွင့် ပိတ်ပင်ထားလိုက်သည်ဟု ဒေသခံများက ပြောပါသည်။
“အများအားဖြင့် ဗလီကို မီးလာရှို့တာ ဗမာလူမျိုးအများစုပါ။ လားရှိုးကြီးဘက် ပူတာဘက်က တက်လာတာ။ ဘုန်းကြီးတွေလဲပါတယ်။ တခြားဗုဒ္ဓဘာသာကျောင်း တွေမှာ အကြမ်းဖက်မှု မဖြစ်ပွားအောင် ဘုန်းကြီးတွေ ဒါယကာတွေက ကျောင်းဝင်း အတွင်း လုံခြုံရေးယူနေတယ်။ စစ်သားတွေလဲရှိတယ်။ လာရှိုးကြီး ဗလီဘက် မှာတော့ မူစလင်ဘာသာဝင်တွေ တုတ်တွေ ဓါးတွေနဲ့ လုံခြုံရေးယူနေတယ်။ ပြဿနာပိုကြီးလာမှာကိုစိုးရိမ် တယ်ဗျာ” ဟု မန်ဆူကျောင်းတိုက် အနီး နေထိုင် သူ မောင်လ က ပြောသည်။
၎င်းနှင့်ပတ်သက်၍လည်း ၁၉၉၀ ရွေးကောက်ပွဲ နိုင်ငံရေးပါတီဝင် ရပ်မိရပ်ဖတဦးကလည်း စစ်တပ်မှစစ် ဥပဒေထုတ် ချုပ်ကိုင်နိုင်အောင် လုပ်ကြံဖန်တီးလိုက်သည့် ကိစ္စဖြစ်နိုင်ကြောင်း၊ ပြစ်မှုကျူးလွန်သူတဦးတည်း ကိုသာဥပဒေနှင့်အညီ အပြစ်ပေးအရေးယူသင့်သော်လည်း ယခုကဲ့သို့ မဆီမဆိုင်သည့် လူများက နိုင်ငံတော် တည် ဆဲဥပဒေကိုအလေးမထားဘဲ ရမ်းကားလုပ်ဆောင်နေမှု ကြောင့် အမှိုက်ကစ ပြဿဒ် မီးလောင်- လားရှိုးတမြို့ လုံး မီးကူးစက်မည့်အရေး တွေးပူနေကြောင်းသျှမ်းသံတော်ဆင့်အား ပြောပြသည်။
အဆိုပါ မူစလင်ဘာသာဝင်ဟုယူဆရသည့် တရားခံသည် ကျိုင်းတုံမြို့မှ လားရှိုးသို့ပြောင်းရွှေ့ နေထိုင်သူတ ဦးဖြစ်ကြောင်း၊ မီးရှို့ခံရသူ အမျိုးသမီးမှာ ရပ်ကွက် ၈ နယ်မြေမှူး ၏သမီးဖြစ်ကြောင်း သတင်းထွက်နေပါ သည်။