သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၌ စစ်ဘေးစစ်ဒဏ်ကြောင့် တရုတ်နယ်ထဲဝင်ရောက်ခိုလှုံနေသည့် ဒုက္ခသည်များ အစိုးရစစ်တပ်အား ယုံကြည်မှုမရှိသောကြောင့် နေရပ်မပြန်ရဲသေးကြကြောင်း နမ့်ခမ်းဒေသခံများကပြောပြသည်။
သျှမ်းပြည်တပ်မတော်အမှတ် ရ၀၁ စစ်ဒေသအား မြန်မာစစ်တပ်တိုက်ခိုက်မှုကြောင့် တရုတ်နယ်စပ်ဘက် ထွက်ပြေး တိမ်းရှောင်နေသည့် ရွှေလီမြစ်တဘက်ကမ်း နောင်မရွာဘက်မှ ဒေသခံများအား နေရပ်ပြန်ရန် အတွက် မြန်မာစစ်ဗျူဟာမှူးကိုယ်တိုင် သွားရောက်စည်းရုံးခဲ့သော်လည်း မြန်မာစစ်တပ်က ယနေ့တိုင် စစ်အင်အား ဖြည့်တင်းနေသဖြင့် ဒေသခံလူထုတို့ တိုက်ပွဲထပ်ဖြစ်မည်ကို စိုးရိမ်တုန်လှုပ်နေကြကာ နေ့ခင်းပိုင်းတွင်သာ ရွာပြန်အလုပ်လုပ်၍ ညပိုင်း တရုတ်ဘက်သို့ ပြန် အိပ်ကြကြောင်း နမ့်ခမ်းမြို့ခံ က သျှမ်းသံတော်ဆင့်အား ဆက် လက်ပြော ပြသည်။
နမ့်ခမ်းမြို့နယ်နှင့် ကချင်ပြည်နယ် လွယ်ဟိုဆေနယ်စပ်တလျှောက် ကချင်ပြည်နယ်ဘက်ပိုင်း၌ မြန်မာစစ်တပ်တို့ အင်အား အများအပြား ထပ်ဖြည့်ထားသဖြင့် နမ့်ခမ်းမြို့နယ် ဝမ့်ဆွန်း၊ ကွန်ကျိုင်း၊ ကောင်းနောင်၊ ဆာမ်တန်း၊ ဝမ့်မြိုင် ၊ ဟင်လုံ ၆ ရွာမှ ဒေသခံများ ရွာတွင် မနေရဲကြဘဲ တရုတ်ဘက်ခြမ်း သျှောင်းယုံပန်ရွာသို့ ထပ်မံပြောင်းရွှေ့ နေထိုင်နေ့ကြကြောင်း အဆိုပါလူငယ်ကဆက်လက်ပြောပြပါသည်။
၎င်းနှင့်ပတ်သက်၍ အမှတ် ရ၀၁ စစ်ဒေသမှူး ဒုဗိုလ်မှူးကြီး စွမ်မိဏ်းက “ ကျနော်တို့ကို အရှေ့ဘက်ကတက် တိုက်ရင်လဲ ကချင် နဲ့တွေ့မယ်။ အနောက်ဘက်ကဆိုရင်လဲ ကချင်နဲ့ထပ်တွေ့ပြန်မယ်ဆိုတော့မြန်မာစစ် တပ်က အခု စစ်အင်အား ဘဲဖြည့် နေတုန်း။ ဘာလို့လဲဆိုတော့ အခု သူတို့က ကချင်နဲ့ ဆွေးနွေးဖို့ပြင်ဆင် နေတာလေ။ ဆွေးနွေးပွဲကိုလဲ မပျက်စေ ချင်ဘူးမဟုတ်လား” ဟု သျှမ်းသံတော်ဆင့်အားပြောပြဖူးသည်။
၎င်းတို့စားဝတ်နေရေးအတွက်မူ နမ့်ခမ်းမြို့ သျှမ်းပါတီ ၂ ပါတီတို့ ဦးဆောင်၍ ကူညီထောက်ပံ့ရန် ဆော်သြလှုပ်ရှား နေကြကြောင်း စိုင်းအိုက်မွန်းက ဆက်လက်ပြောပြသည်။
“ ကျားဖြူပါတီနဲ့ ကျားခေါင်းပါတီပူးပေါင်းပြီးတော့ မြို့နေလူထုဆီကနေ ဆန်ဆီဆားဆေး နဲ့အဝတ်အစား အသုံးအဆောင် တွေကို အလှူခံတယ်။ ၂၄ ရက်နေ့ကျရင် သွားလှူဖို့ရှိပါတယ်။ စစ်တပ်ကတော့တချို့ရွာ တွေမှာသွားပြီး မိသားတစု ဆန် ၅ ပြည်ပေးတယ်။ အဲတာက ရ၀၁ တပ်ထဲက သိမ်းဆည်းရတဲ့ ဆန်တွေဲလေ။ နယ်စပ်စည်ပင် ရဲ့ ကျေးလက်ဖွံ့ဖြိုးရေး အစီ အစဉ်ကနေ လာကူတယ်။ တအိမ်ဆန်တအိပ်လို့ပြောတယ်။ တချို့ရွာတွေမှာ တိုက်ပွဲ ကြောင့် အိမ်တွေပျက် သွားတာကို ပြန်ပြင်ပေးမယ်တဲ့။ လာဖျက်တာလဲအစိုးရတပ် ဘဲလေ။ ဘယ်လောက်ဘဲလုပ်လုပ် လူထုက သူတို့ကို မယုံသေးဘူး”
အလားတူ မူစယ်မြို့နေ ဒေသခံလူငယ်ထုကလည်း စစ်ပြေးဒုက္ခသည်များအားကူညီထောက်ပံ့ရန် မြို့တွင်း၌ အလှူခံ (တုတ်ဆူး) ထွက်နေကြသည်မှာ ၁၃ ရက်နေ့ကတည်းကဖြစ်ကြောင်း မူစယ်မြို့က ဒေသခံ လူငယ် တဦးကပြောသည်။
“ ကျနော်တို့ မူစယ်ဘက်မှာ တုတ်ဆူးထွက်က ၁၃ ရက်နေ့ကတည်းကစတယ်။ လူထုက တော်တော်များများ ကူညီထောက် ပံ့ကြတယ်။ စစထွက်ချင်း ၅ ရက်တည်းတင် ကျပ်သိန်း ၂၀ လောက်ရတယ်။ ကျနော်တို့ တခေါက်သွားလှူလာပြီးပြီ ဆန် ၁၂ အိတ်ပေါ့။ အခုပိုက်ဆံထပ်စုနေတယ်။ ဒေသခံတွေကို စစ်တပ်ကနေရပ် ပြန်ဖို့ဖိတ်ခေါ်ပေမယ့် သူတို့ကိုအာမခံပေးနိုင်မယ့် အဖွဲ့တခုခုရှိပြီး လာစောင့်ကြည့်ပေးမယ်ဆိုရင်တော့ ပြန်ရဲမယ် အဲလိုတော့ပြောတယ်။ တချို့တွေဆိုနေအိမ်တွေ ဖောက်ခံ ရတယ် ကျပ် သိန်း ၂၀-၃၀ ဆုံးရှုံးတယ်။ အရေးကြီးတာက မှတ်ပုံတင်တွေပါပျောက်တယ်ပေါ့နော်။ အဲတာ မှတ်ပုံတင် တွေပြန် လိုချင်ကြတယ်ဆိုပြီး ငိုယိုကြတဲ့အထိပေါ့ဗျာ စိတ်တောင်မကောင်းဘူး ” ဟု မူစယ်သား အိုက်စိုင်းက သျှမ်းသံ တော်ဆင့်အားပြောပြသည်။
ယခုလဆန်းပိုင်းက သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည် တပ်မတော် RCSS/SSA ၏ အမှတ် ရ၀၁ စစ် ဒေသဌာနချုပ်အား မြန်မာစစ်တပ် စကခ ၁၆ လက်အောက်ခံ အင်အား ၄၀၀ ကျော်ဖြင့် တိုက်ခိုက်သောကြောင့် RCSS အခြေစိုက်ရာ နောင်မရွာ နှင့်အနီးတဝိုက်ရှိ ကျေးရွာများမှ ဒေသခံများ တရုတ် နယ်စပ်ဘက်သို့ ထွက်ပြေး တိမ်းရှောင်နေခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။