ဆထက်တိုး ပြင်းထန်လာသည့်ပဋိပက္ခများ ကာကွယ်ရန် ဂက်စ်ပိုက်လိုင်းစီမံကိန်းချက်ချင်းရပ် Shan CBO တိုက်တွန်း

ဆထက်တိုး ပြင်းထန်လာသည့်ပဋိပက္ခများ ကာကွယ်ရန် ဂက်စ်ပိုက်လိုင်းစီမံကိန်းချက်ချင်းရပ် Shan CBO တိုက်တွန်း
by -
သျှမ်းသံတော်ဆင့်

ဂက်စ်ပိုက်လိုင်းကြောင့် ဒေသခံလူထုမှ ပြဿနာအမြောက်အများထပ်မံရင်ဆိုင်ရမည်ဖြစ်လေရာ နှစ်ရှည်စွာဖြစ်တည်လာ ခဲ့သည့် ပဋိပက္ခ၏ အခြေခံဇစ်မြစ်အား တွေ့ဆုံညှိနှိုင်းအဖြေရှာမရသေးခင် လက်ရှိလုပ်နေသော အကြီးစားဖွံ့ဖြိုးရေး စီမံကိန်းကြီးများ ယာယီဆိုင်းငံ့ရန် သျှမ်းလူထုအခြေပြုအဖွဲ့ အစည်းက တိုက်တွန်းလိုက်ပါသည်။

သီပေါမြို့နယ်အနီးဖြတ်သန်းသွားသော ဂက်စ်ပိုက်လိုင်း

“ ဂက်စ်ပိုက်လိုင်းကြောင့် ရင်းနှီးမြှုပ်နှံတဲ့ သူကဘဲ အကျိုးအမြတ်ရရှိမှာဖြစ်ပြီး ဒေသခံလူထုကတော့ ဂက်စ်ပိုက်လိုင်း ယိုစိမ့်ပေါက်ကွဲမှုဘေး၊ သဘာဝပတ်ဝန်းကျင် ပျက်စီးဖောက်ပြန်မှုဘေး၊ စစ်ဒဏ်စစ်ဘေးနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံ ရမယ့် ဘေးတွေ ဆက်တိုက်ရင်ဆိုင် သွားရမှာဖြစ်တယ်။ အဲလို မျိုးရင်ဆိုင်လာရင် လူထုအတွက် ဘယ်သူက အာမခံပေးမလဲ၊ တာဝန်ယူမလဲပေါ့နော်။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာသယံဇာတ အပေါများဆုံးနိုင်ငံ ၅၈ နိုင်ငံထဲမှာပါပေမယ့် စီမံခန့်ခွဲမှု အပိုင်းမှာ အောက်ဆုံး အဆင့် ၅၈ မှာဘဲရှိနေသေးတယ်လေ။ သယံဇာတကရတဲ့ ငွေတွေဟာ ဘယ်ဆီကိုသွားသလဲ ။ လူတိုင်းသိနေတာဘဲ။ ဒါကြောင့် နိုင်ငံရေးဆွေးနွေးမှုမရှိသေးခင် လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေ မဖြေရှင်းနိုင်သေးခင် တရုတ်နိုင်ငံကို ဂက်စ်၊ရေနံပို့လွှတ်ရောင်းချမယ့်စီမံကိန်းကိုချက်ချင်းရပ်ဆိုင်းဖို့ ဦးသိန်းစိန်နဲ့ တရုတ်စီးပွါးရေးလုပ်ငန်းရှင် တွေကို ကျနော်တို့ ကြေငြာချက်ထုတ်ပြန်လိုက်ပါတယ်” ဟု   သျှမ်းလူမှုအခြေပြုအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ စိုင်းခေးဆိုင်က သျှမ်းသံတော်ဆင့်အားပြောပါသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် ဆထက်တိုး ပြင်းထန်လာသည့်ပဋိပက္ခများ ကာကွယ်ရေးအတွက် ဦးသိန်းစိန်နှင့် တရုတ် ရေနံပိုက်လိုင်း စီမံကိန်းရပ်တန့်ရမည်ဟူသည့်ကြေငြာချက်အား သျှမ်းလူထုအခြေပြုအဖွဲ့အစည်း Shan CBO က မေလ ၂၂ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပါသည်။

ထိုသို့ ဂက်စ်ပိုက်လိုင်း စီမံကိန်းရပ်တန့်ရန်တောင်းဆိုလိုက်ခြင်းသည် အစိုးရအား ဆန့်ကျင်ခြင်းမဟုတ်ဘဲ - ဒေသခံလူထုတို့ နောက်ဆက်တွဲရင်ဆိုင်ကြုံတွေ့ရမည့် ဘေးအန္တရာယ်အတွက် စိုးရိမ်သဖြင့်ဖြစ်ကြောင်း လည်း  စိုင်းခေးဆိုင်က ပြောဆိုပါ သည်။

“ လူထုအကျိုးအတွက် ကြည့်ရမယ်လေ။ ဂက်စ်ပိုက်လိုင်းက ရမယ့်အကျိုးကိုဘဲကြည့်မယ်ဆိုရင်တော့ စီမံကိန်းကို ရပ်တန့်ဖို့ ခက်လိမ့်မယ်။ ဒီစီမံကိန်းကြီးရပ်တန့်နိုင်ဖို့အတွက် ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ သျှမ်းပြည်မြောက်ပိုင်း က နိုင်ငံရေးပါတီ တွေ၊ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့ ပြည်သူလူထု တွေကနေ တညီတညွတ်နဲ့ လက်တွဲပူးပေါင်းရင်တော့ စီမံကိန်း ရပ်ဆိုင်းဖို့ အတွက်လွယ်ကူလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟုလည်း စိုင်းခေးဆိုင်ကပြောသည်။

ရခိုင်ကမ်းလွန်မှ တရုတ်ပြည်သို့ ဂက်စ်ပိုက်လိုင်းသွယ်တန်းမှုအား ယခုလအတွင်း အပြီးလုပ်ဆောင်မည်ဖြစ်ပြီး ယခုမူ သျှမ်းပြည်မြောက်ပိုင်း ရ မြို့နယ်၌ ဂက်စ်ပိုက်လိုင်းများကို စစ်ဆေးပြီးစီး၍ မြေဖို့နေသည့်အဆင့် ရောက်နေပြီဖြစ်ကြောင်း တချို့မြို့နယ်များတွင်မူ ပိုက်လိုင်း ကိုစစ်ဆေးနေသည့်အနေအထားတွင်ရှိနေ ကြောင်း Shan CBO အဖွဲ့ကပြောပါသည်။

Shan CBO တွင် သျှမ်းပြည်လူ့အခွင့်အရေးမဏ္ဍိုင်၊ သျှမ်းသဘာဝပတ်ဝန်းကျင်အဖွဲ့၊ သျှမ်းပြည်ဖွံ့ဖြိုးရေး မဏ္ဍိုင်၊ သျှမ်းပြည်အဖွဲ့အစည်း၊ သျှမ်းအမျိုးသမီးများလှုပ်ရှားဆက်သွယ်ရေးအဖွဲ့၊ သျှမ်းလူငယ်ကွန်ယက် အဖွဲ့နှင့် သျှမ်းလူငယ့်စွမ်းအား တို့ ပါဝင်ပါသည်။