သျှမ်းမြောက် စစ်ဘေးရှောင်ခလေးများ ပညာရေးအတွက် ကူညီကယ်ဆယ်ရေးအဖွဲ့မှစီစဉ်

သျှမ်းမြောက် စစ်ဘေးရှောင်ခလေးများ ပညာရေးအတွက် ကူညီကယ်ဆယ်ရေးအဖွဲ့မှစီစဉ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် စစ်ဘေးရှောင် ဒုက္ခသည်များအနက် တဝက်ကျော်ကျော်မှာ ကျောင်းနေအရွယ် ကလေး ငယ်များဖြစ်သည်နှင့်အညီ နေရပ်မပြန်နိုင်ခင်ကာလ ကူညီကယ်ဆယ်ရေးအဖွဲ့မှ စာပေသင်ကြားပို့ချပေးရန် စီစဉ်နေကြောင်း စုံစမ်းသိရှိရသည်။

စစ်ဘေးရှောင်များအတွက် တန်းလျားအသစ်ဆောက်လုပ်နေကြစဉ်

အဆိုပါ စစ်ပြေးကလေးငယ်များမှာ ၎င်းတို့နေရပ်၌ ရှိစဉ်ကလည်း ပညာသင်ကြားရေးအတွက် အခွင့်မရှိခဲ့ ကြောင်း၊ မြို့နှင့်  ဝေးသောကြောင့် အစိုးရစာသင်ကျောင်းလည်း မရှိကြောင်း၊ ထို့ကြောင့် ကူညီကယ်ဆယ် ရေးမှ အခြေခံ စာပေရေးဖတ် သင်တန်းဖွင့်လှစ်ပေးမှု အောင်မြင်ခဲ့ပါက အစိုးရကျောင်းနှင့်ချိတ်ဆက်နိုင် အောင် ကြိုးစားပေးမည်ဖြစ်ကြောင်း ကူညီရေး အဖွဲ့ဝင် အခြားလူငယ်တဦးကလည်းပြောပါသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်၏ လွယ်စေးတပ်စခန်းအား မြန်မာအစိုးရ စစ်တပ်က ထိုးစစ်ဆင် တိုက် ခိုက်မှုကြောင့် တန့်ယန်းမြို့ပေါ်သို့ ရောက်ရှိခိုလှုံကြသော လွယ်စေးအုပ်စု ဒေသခံများ တစ်လကျော်ကြာတိုင် နေရပ်မပြန် နိုင်သေးသဖြင့် ၎င်းတို့နေထိုင်စားသောက်ရေးအတွက် ပြည်တွင်းပြည်ပမှ အလှူရှင် စေတနာရှင်များ၏ ပံ့ပိုးပေးမှုမှာ အဆက် မပြတ်ရှိနေသည့်တိုင် ကလေးများပညာရေးအတွက် လစ်ဟာနေသေးသဖြင့် ထိုသို့ စီစဉ်ရခြင်းဖြစ်ကြောင်း စိုင်းခေးကပြော သည်။

“အခုကျန်နေသေးတဲ့ လူ အယောက် ၃၀၀ ဝန်းကျင်ဟာ နေရပ်ပြန်လို့လုံးဝ မဖြစ်နိုင်သေးတဲ့အနေအထားပါ။ နေရပ်ပြန်ဖို့ နေနေသာသာ နမ့်လောင်း-မိုင်းကောင်ဝ်ဘက်မှာ ၁၀ မိုင်ထက်ဝေးတဲ့ လယ်ယာ ဆင်းဖို့တောင် စစ်တပ်ကိုသတင်းပို့ရ တယ်။ အခုလို ကျဉ်းကျပ်နေတဲ့အနေအထားမှာ အလုပ်လုပ်ဖို့မလွယ်ဘူး။ အခုလည်း အရင်အပတ်ထဲက ဖြစ်နေတဲ့ စစ်ရေး တင်းမာမှုကြောင့် ကားလမ်းဘေးမှာရှိတဲ့ ပန်မောင်ရွာကလူတွေ မြို့ထပ်တက်လာသေးတယ်။ ဒါပေမယ့်သူတို့ ကတော့ အမျိုးတွေဆီ သွားပြီးခိုလှုံကြတယ်” ဟု စိုင်းခေးကပြောသည်။

တန့်ယန်းမြို့ အောင်မင်္ဂလာဘုန်းကြီးကျောင်း၌ ရောက်ရှိနေသော စစ်ပြေးဒုက္ခသည် များ လွတ်လပ်စွာနေ ထိုင်နိုင်ရန် အတွက် မိုင်းကောင်ဝ်ကားဂိတ်(ဟောင်း)တွင် တန်းလျားဆောက်လုပ်ပေးနေသည်မှာ ၄၂ x ၁၁၀ ပေအကျယ်ရှိ တန်းလျား ၃ ဆောင်ဆောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း၊ အလားတူ ကော်ကမုတ်သုံး ယင်လုံအိမ်သာလည်း ၄ လုံးဆောက် လုပ်ပြီးစီး ပေးပြီဖြစ်ကြောင်း၊ ထပ်မံလိုအပ်နေသေည့် အိမ်သာ အတွက်မူ UNICEF အဖွဲ့ထံသို့ တင်ပြအကူအညီတောင်းခံ ထားသဖြင့် အလုံး ၄၀ ကျော်အတွက်ထောက်ပံ့ ပေးမည်ဟု သတင်းရထားကြောင်း စိုင်းခေးက ဆက်လက်ပြောပြသည်။

စခန်းအတွင်း စစ်ပြေးဒုက္ခသည်များ မိုးရာသီ ကူးစက်ရောဂါမပျံ့ပွားအောင်လည်း အထူးဂရုပြုစောင့်ကြည့် ပေးရမည်ဖြစ် ကြောင်း စခန်းကူညီပေးရေးအဖွဲ့ ကပြောပါသည်။

Most read this week