ငလျင်သင့်ဒေသမှ ရွာသားများ ပျောက်ဆုံးနေမှု SNLD ကူညီစုံစမ်းပေးမည်ဟုဆို

ငလျင်သင့်ဒေသမှ ရွာသားများ ပျောက်ဆုံးနေမှု SNLD ကူညီစုံစမ်းပေးမည်ဟုဆို
by -
သျှမ်းသံတော်ဆင့်

ငလျင်ဒဏ်သင့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲမှ ရွာသား ၃၈ ဦး ပျောက် ဆုံးနေမှုအပေါ် SNLD မှ ကူညီစုံစမ်းရှာဖွေပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

“ဥက္ကဋ္ဌကြီး ခွန်ထွန်းဦး ကိုယ်တိုင် အစိုးရတွေဆီနဲ့ ရွာသားတွေကို ဖမ်းဆီးသွားတဲ့ ဆက်ဆိုင်တဲ့အဖွဲ့ တွေဆီကို စာရေးသားပေးပို့မယ်။ ဒါပေမဲ့ အဲဒီအဖွဲ့က ဘယ်အဖွဲ့လဲဆိုတာ တိတိကျကျ မပြောနိုင်သေးဘူး” ဟု SNLD ပြောခွင့်ရ ပုဂ္ဂိုလ်စိုင်းလိတ် က ပြောပါသည်။

၂၀၁၁ မတ်ခ်ျလ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော အိမ်များ ပြန် လည် ဆောက်လုပ်ရန် ပါလျောင်း-ကျိန်းလပ်မှ ရွာသားအယောက် ၅၀ တောထဲ၌ သစ်များခုတ်ယူနေ စဉ် အမည်မသိ လက်နက်ကိုင်တဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြောင်း၊ ၂၀၁၁ နှစ်ကုန်ပိုင်းမှ စ၍ တယောက်စ နှစ်ယောက်စ ပြန်လည်ထွက်ပြေးလွတ်မြောက်လာရာ ယနေ့ထိ ၁၂ ယောက် ရှိကြောင်း ဆို၏။

“ကျနော်တို့ သစ်ခုတ်နေတဲ့အချိန် လက်နက်ကိုင်တဖွဲ့ ရောက်လာတယ်။ သူတို့ပြောတဲ့ စကားလည်း နားမလည်ဘူး။ သူတို့ဝတ်စုံတွေမှာလည်း ဘာတံဆိပ်မှ မတပ်ထားဘူး။ ကျနော်တို့အားလုံးကို ဖမ်းခေါ် သွားတယ်” ဟု ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ပြောပါသည်။

ဖမ်းဆီးခံထားရဆဲဖြစ်သော ရွာသား ၃၈ ဦး၏ မိဘဆွေမျိုးများနှင့် ပြန်လည်လွတ်မြောက်လာသူများက ကျန်ရှိသူများ အမြန်ဆုံး လွတ်မြောက်လာနိုင်ရေးအတွက် သျှမ်းပြည်တပ်မတော် RCSS/SSA ထံ စာရေးတင်ပြကြောင်း၊ RCSS/SSA က သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ထံ တဆင့် ထပ်မံအကူအညီတောင်းခံခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အခွန်ရှောင်လွဲမှုကြောင့် ပန်ဆန်းကုန်သည်များထံမှ မူးယစ်ဆေးဝါး ဖမ်းဆီးခဲ့သော စိုင်းနော်ခမ်းအား လက်စားချေ ရှင်းလင်းရန် တာလေမြို့နယ်ခွဲ၌ ငလျင်လှုပ်ခတ်စဉ်က ပန်ဆန်းဘက်မှ ဝ တပ်ဖွဲ့ ဟု ယူဆရသည့် လက်နက်ကိုင်အုပ်စု အယောက် ၁၀၀ တောင်ပိုင်းသို့ ဆင်းလာကြောင်း၊ သတင်းရရှိသော မြန်မာစစ်တပ်၏ ဝိုင်းရံပိတ်ဆို့မှု ကြောင့် အဆိုပါ ဝ တပ်ဖွဲ့အား RCSS/SSA က ကူညီပေးခဲ့ဖူးကြောင်း သျှမ်းသံတော်ဆင့်မှ သတင်း ရေးသားတင်ပြခဲ့ဖူးသည်။

Most read this week