အစိုးရစစ်ကြောင်း မိုင်းနင်းမိ ၂ ယောက်သေ ကျေးလက်လူထု ခြိမ်းခြောက်ရိုက်နှက်ခံရ

အစိုးရစစ်ကြောင်း မိုင်းနင်းမိ ၂ ယောက်သေ ကျေးလက်လူထု ခြိမ်းခြောက်ရိုက်နှက်ခံရ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူအရှေ့ဘက် မိုင်းရင်အုပ်စုအသွားလမ်းစစ်ကြောင်းလှည့် အစိုးရစစ်တပ် ခမရ ၃၂၄ ကမိုင်းနင်း မိကာ သေကြေဒဏ်ရာရပြီးနောက် ဒေသခံလူထုအား တားဆီးစစ်ဆေး ရိုက်နှက်မှုများရှိနေ ကြောင်းစုံစမ်းသိရှိရသည်။

 “ မတ်ခ်ျလ ၂၈ ကြာသပတေးနေ့ မနက် ၈ နာရီခွဲလောက်ကပေါ့။ တောနင်းတဲ့ နမ္မတူ အခြေ စိုက် ခမရ ၃၂၄ မိုင်းရင်ကား လမ်း နဲ့ ၉ မိုင်လောက်ဝေးတဲ့ ကောင်းခါးရွာနဲ့ ကောင်းဟုန်းရွာ ကြားမှာ မိုင်းနင်း မိတာ။ ၄ ယောက်ဒဏ်ရာရတယ်။ ၂ ယောက်သေတယ်” - ဟု နမ္မတူ ဒေသခံ စိုင်းခမ်းက သျှမ်းသံတော် ဆင့်အားပြောပြသည်။

အဆိုပါ စစ်ကြောင်းလှည့် အဖွဲ့မှာ အင်အား ၁၅၀ ခန့်ရှိပြီး ထိုဒေသတဝိုက် လှည့်ပတ်နေ သည်မှာ သုံးလေးရက်ရှိခဲ့ပြီဖြစ် ကြောင်း ၊ နယ်မြေစိုးမိုးရေးစီမံကိန်းဖြင့် လှည့်နေခြင်းဖြစ် ကြောင်း ရွာသားများကပြောပါသည်။

၎င်းတို့၏ ဒဏ်ရာရရဲဘော်များနှင့် အလောင်းများသယ်ယူရန် ယာဉ်အခက်အခဲရှိသဖြင့် ထိုအနီးတဝိုက်၌ပင် မြေမြုပ်သဂြိုဟ် လိုက်ကြောင်းဒေသခံ ကျေးရွာအုပ်ချုပ်ရေးမှူး တဦးကပြောပါသည်။

“ သူတို့ ချောဆွဲဖို့ အဲဒီနားတဝိုက်ကရွာတွေမှာကားတွေထော်လာဂျီတွေကိုလိုက်ရှာတယ်။ မရှိဘူး။ဆိုတော့ သေဆုံး ရဲဘော် အလောင်းတွေကိုလဲဖြစ်သလိုဘဲ မြေမြုပ်လိုက်တယ်။ သူတို့က နားန ရွာမှာ အခြေချတာ။ ရခိုင်ပြည်နယ်မှာ ရှုပ်နေတုန်း အစိုးရတပ်က လိုင်ဇာကို ထိုးစစ်ဆင်တယ်။ အခုလဲ မိတ္ထိလာမှာရှုပ်နေတဲ့ အချိန်နဲ့တိုက်ဆိုင်စွာ သျှမ်းတပ်ကိုတိုက်ခိုက်ဖို့ ဒါအကွက်ချ စီမံချက်ဖြစ်နိုင်တယ်လို့တောင်လူတွေပြော နေကြတယ်” ဟု ကျားဖြူပါတီဝင်တဦးကပြောသည်။

ထိုနေ့တွင် နမ္မတူမြို့နယ် ဆိုက်ခေါင်အုပ်စု ဘက်လှုပ်ရှားသည့် ကျောက်မဲမြို့ အခြေစိုက်တပ် ခမရ ၅၀၁  အင်အား ၅၀ ခန့်ကလည်း ဆိုက်ခေါင်အုပ်စု ပန်ဝိုးရွာအလွန် ၂ မိုင်ခန့်နေရာ၌ တိုက်ပွဲအတု ဆင်နွှဲကြောင်း၊ ကျေးလက်ရွာသားများ ထိခိုက်မှုမရှိသော်လည်း တောင်ယာ ဆင်းရန်အခက်ကြုံနေရကြောင်း ဆိုက်ခေါင်မှ ရပ်ရွာအကြီးအကဲတဦး ကပြောပါသည်။

၎င်းတို့သည် လက်နက်ကြီး ၆ လုံး  စက်သေနတ်များအား အတွဲလိုက်ပစ်ခတ်ခဲ့ကြောင်းဒေသခံများကပြော သည်။

“ အဲဒီအခင်းဖြစ်ပြီးနောက်တရက်မနက်ပိုင်း ဆိုက်ခေါင်အုပ်စုသားလက်သမား ၂ ယောက် စိုင်းထွန်းအေးနဲ့ စိုင်းလင်း မိုင်းရင်အုပ်စုဘက်အိမ်ဆောက်ဖို့အသွားမှာ အဲဒီ ၅၀၁ အဖွဲ့နဲ့ တိုးတော့ တားဆီးစစ်ဆေးခံရတယ်။ သူတို့ ၂ ယောက်ကလဲ နားဟိုင်းရွာမှာ အိမ်သွား ဆောက် ပေးမယ့်အကြောင်းပြောတော့ ဘာလူမျိုးလဲလို့ ဆက်မေးတယ်တဲ့။ သျှမ်းပါ လို့လဲ ဖြေရော စိုင်းထွန်းအေးရဲ့ မျက်နှာကိုလှမ်းထိုးတော့တာဘဲ။ မျက်နှာမှာ အဖုအယောင်တွေခုထိ ရှိနေတုန်းဘဲ” ဟု ဒေသခံ စိုင်းအိုက် ကပြောသည်။

အဆိုပါ ဒေသဘက်တွင် လှုပ်ရှားသည့် သျှမ်းပြည်တပ်မတော် SSPP/SSA သည် အစိုးရနှင့် ငြိမ်းချမ်းရေးယူ ထား သည်ဟု ဆိုသော်လည်း အစိုးရစစ်ကြောင်းနှင့် မကြာခဏတိုက်ပွဲဖြစ် ပွား၏။ အဆိုပါတိုက်ပွဲအား အကြောင်းပြုပြီး အစိုးရစစ်ကြောင်းများက ဒေသခံလူထုအပေါ် လူ့အခွင့်အရေး အမျိုးမျိုးချိုးဖေါက်ခဲ့သည်ဟု ဒေသခံ ကျားဖြူပါတီအကြီးအကဲတဦး ကပြော သည်။

Most read this week