ကချင်စစ်ဘေးသင့် ကလေးငယ်များအတွက် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများ၌ ထောက်ပံ့ရန် ရံပုံငွေရှာဖွေပွဲ တစ်ခုကို မဇ္ဇျိမလှိုင်း တေးဂီတအဖွဲ့က ကမကထပြု၍ သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့၌ ဖျော်ဖြေ ကျင်းပခဲ့ကြောင်း သိရသည် ။
မဇ္ဇျိမလှိုင်းနှင့် ငြိမ်းချမ်းရေးသံစဉ်များ ခေါင်းစဉ်ဖြင့် မတ်လ ၂၄ ရက်နေ့ ညပိုင်းက ကိုနေဝင်း၊ ဂျေမောင်မောင်၊ ကိုခိုင်ထူး၊ ချစ်ကောင်း စသည့် နာမည် ကြီး အဆိုတော်များနှင့် တက်သစ်စ အဆိုတော်များပါ၀င် သီဆိုဖျော်ဖြေခဲ့ကြောင်း မူစယ်မြို့ ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“မူစယ် ရွှေသမင်ဘုန်းကြီးကျောင်းရှေ့မှာ ကျင်းပတယ်။ မနေ့ည ရ နာရီလောက်ကနေ မနက်ပိုင်း ၁ နာရီလောက်အထိပေါ့။ ပရိသတ် ၃၀၀၀ ကျော်လောက် လာအားပေးကြတယ်” ဟု သူက ပြောသည်။
ကချင်ဒေသစစ်ဘေးသင့် ကလေးငယ်များအတွက် အကူအညီပေးမည့် အစီအစဉ်နှင့် ပတ်သက်၍ မဇ္ဇျိမလှိုင်းတေးဂီတ အဖွဲ့နှင့်အတူ လိုက်ပါလာသည့် ကချင်ဒေသ စစ်ဘေးသင့် ပြည်သူများကို ကူညီနေသော အဖြူရောင်တွဲလက်များအဖွဲ့မှ ကိုဘိုဘိုက ယခုကဲ့သို့ ရှင်းပြသည်။
“ပွဲစီစဉ်သူထဲမှာတော့ ကျနော်တို့မပါဘူးပေါ့။ မနေ့ကပွဲမှာ ၄၄ သိန်းရတယ်လို့ သိရတယ် ။ ရတဲ့အလှူငွေ တွေကိုတော့ ကျနော်တို့အဖွဲ့ကိုလှူမယ်။ အဲဒီကမှ တဆင့် အိုင်ဒီပီ စခန်းတွေမှာ ပြန်လှူမယ်။ နောက်တစ်ခုက သူတို့အိုင်ဒီပီစခန်းတွေ သွားချင်တယ်ဆိုရင် ကျနော်တို့ လိုက်ပို့ပေးမယ် ခွဲပြီးလှူမှာပေါ့နော်။ ဗုဒ္ဓဘာသာဘုန်းကြီး ကျောင်းတွေနဲ့ ခရစ်ယာန် သာသနာက စောင့်ရှောက်ထားတဲ့ စစ်ဘေးသင့် ကလေးတွေပါမယ်” ဟု သူက ပြောသည်။
အဆိုပါ ဂီတဖျော်ဖြေပွဲကျင်းပရသည့် ရည်ရွယ်ချက်နှင့် ပါတ်သက်၍လည်း “ရည်ရွယ်ချက်က ၂ ခုရှိ တယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ အခုအချိန်အထိ မငြိမ်းချမ်းသေးဘူး ဆိုတဲ့ကိစ္စ အထူးသဖြင့် ကချင် ပြည်နယ်မှာ ကျနော်တို့ ညီအကိုမောင်နှမတွေ ရုန်းကန်နေရဆဲဆိုတဲ့ မက်ဆေ့ကို ပေးချင်တယ်။ သူတို့စခန်းတွေမှာ လိုအပ်တာ တွေကို ကူညီတယ်ဆိုတဲ့ စကားလုံးထက် တစ်ဦးနဲ့တစ်ဦး ဒုက္ခရောက် နေချိန်မှာ တကယ်ညီအကို မောင်နှမ စိတ်ရင်း ထားပြီးတော့မှ မျှဝေခံစားလိုတဲ့ စိတ်နဲ့ ဒီပွဲလေးကျင်းပရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
အလားတူ ယခုလ ၂၆ ရက်နေ့တွင် သျှမ်းပြည် (မြောက်ပိုင်း) လားရိူးမြို့၌ မဇ္ဇျိမလှိုင်းအဖွဲ့မှ တေးဂီတဖျော် ဖြေပွဲ ကျင်းပရန် စီစဉ် ထားကြောင်း သိရသည်။