ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း သျှမ်းပြည်နယ်-ကယားပြည်နယ် ဆွေးနွေးပွဲ၌ တက်ရောက်လာကြသူများက ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကို ပြန်လည်ရေးဆွဲရန်သာ ဆန္ဒရှိကြကြောင်း သိရသည်။
“ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကို ပြင်ဖို့တော့ အသံသိပ်မထွက်ကြဘူး။ ပြင်တာဟာ အသစ် ပြန်ရေးတာထက် အချိန်ပိုကြာတယ်။ အဲဒါကြောင့် အစကနေ ပြန်ရေးဖို့က အသံပိုထွက်ကြတယ်။ ခွန်ထွန်းဦးက မျက်နှာဖုံးကိုပါ ပြောင်းသင့် ပြောင်းရမယ်လို့ပြောတယ်။ ဆိုလိုတာက အသစ်ရေးဖို့ဘဲ” ဟု ညီလာခံ တက်ရောက်သူတစ်ဦးက ပြောသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပတ်သက်၍ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း ကမူ မိမိတို့ စိတ်ကူးယဉ်သည့်အတိုင်း မပြောသင့်ကြောင်း၊ လုပ်သင့်သည်ကို လုပ်ရမည်ဖြစ်ကြောင်း ပြောဆိုသည်ဟု ၎င်းက ဆက်ပြောသည်။
“ရေတိုရေရှည် စဉ်းစားရမယ်။ ရေတိုမှာ အခြေခံ ဥပဒေထဲက လုပ်နိုင်တာကို လုပ်ရမယ်။ ယူနိုင်တာ ကို ယူရမယ်။ ရေလယ်(အလယ်အလတ်အဆင့်)မှာ အခြေခံ ဥပဒေထဲက ဖြေရှင်းနိုင်တဲ့ ပြဿနာတွေကို ကြိုးစားဖြေရှင်းရမယ်။ ရေရှည်ကတော့ အခြေခံ ဥပဒေထဲက ခက်ခဲတာတွေကို အချိန်ယူ ဆွေးနွေးရမယ်လို့ ဦးအောင်မင်းက ပြောတယ်။”
တဖက်၌လည်း ငြိမ်းချမ်းရေး တည်ဆောက်နေသည်မှာ အနာတခြား ဆေးတခြားသာ ဖြစ်ကြောင်း၊ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ စစ်ရေးနည်းနှင့် ဖြေရှင်းနေသည်မှာ ယုံကြည်မှု ကင်းမဲ့အောင် လုပ်ဆောင်နေခြင်းဖြစ်သည် ညီလာခံတက်ရောက်သူများက ပြောဆိုကြောင်း သိရသည်။