သျှမ်းပြည်အလယ်ပိုင်း လဲချားမြို့နယ်တွင် တံတားပိတ်ချိန် ညနေ ၆ နာရီထက် အနည်းငယ်နောက်ကျ၍ ရောက်လာသော မြို့ခံကားသမားအား တံတားစောင့်တာဝန်ကျ မြန်မာစစ်ဗိုလ်က သေနတ်ဒင်ဖြင့်ထုရိုက်ရာ ကားဆရာ ဆေးရုံ တက်လိုက် ရကြောင်း သိရသည်။
“တံတားစောင့်တာဝန်ကျတာက ခလရ ၆၄ ပေါ့။ ဗင်ကားမောင်းတဲ့ စိုင်းသားကို သေနတ်ဒင်နဲ့ထုတာက ဗိုလ်ကြီးနေမျိုးဇော်။ နောက်ကျကြေးအတွက် ပိုက်ဆံ တစ်သောင်းကျပ်တောင်းတယ်။ စိုင်းသားက ငါးထောင်ဘဲကျန်တယ်။ ငါးထောင် ဘဲပေးပါရစေလို့ တောင်းပန်ပြောတာကို မခန့်လေးစားပြုတယ်။ သူပုန်ကိုတော့ ထောက်ပံ့ကျွေးမွေးပြီး ဗမာ့တပ်မတော်ကို ကျတော့ စေတနာမရှိဘူးဘာညာကြိမ်း မောင်းပြီးတော့ ရိုက်နှက်တာ။ အခု စိုင်းသားတယောက်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်” ဟု လဲချားမြို့ခံ လင်းယဉ်ယဉ်က ပြောသည်။
ယခုလ ၁၃ ရက်နေ့ ညနေ ၆ နာရီခွဲက လဲချားမြို့အဝင် ခိုမလန်း (နမ့်တိန်းချောင်းကူးတံတား) ဂိတ်စောင့် မြန်မာစစ်တပ် ခလရ ၆၄ မှ ဗိုလ်ကြီးနေမျိုးဇော်က ရပ်ကွက် ၁ ဟော်ဝင်းအတွင်းနေထိုင်သည့် ဗင်ကားဆရာ စိုင်းသားအား တားဆီးရိုက် နှက်ခြင်းဖြစ်သည်။
ရိုက်နှက်မှု ဒဏ်ရာဖြင့် ဆေးရုံရောက်နေသော ကားသမားစိုင်းသားအား အဆိုပါ တပ်ရင်းဗိုလ်ကြီးက လာရောက် တောင်းပန်ရာ သတင်းမပေါက်ကြားစေလိုကြောင်း၊ အာမခံချက်အနေဖြင့် လက်မှတ်ထိုး ပေးစေလိုကြောင်း တောင်းဆိုခဲ့သည်ဟု ဆို၏။
ယင်းကိစ္စအပေါ် လဲချားမြို့မှ ပြည်နယ်လွှတ်တော်အမတ် စိုင်းကျော်ဇေယျက “စိုင်းသားကလက်မှတ်မထိုး ပေးဘူး။ သူသာ စတင်ထိုးကြိတ်တဲ့သူဖြစ်ခဲ့ရင်တော့ တမိသားစုလုံး ရွာမှာနေနိုင်မှာမဟုတ်ဘူး လို့ပြောတယ်။ တကယ်ဆိုရင်တော့ ဒီလို လုပ်ရပ်တွေက မရှိသင့်တော့ဘူးပေါ့။ အခုလို ဒီမိုကရေစီကို ဦးတည်နေတဲ့အချိန်မှာ ပြည်သူတွေ ပါ၀င်လာဖို့ စည်းရုံးနေရမယ့် အချိန်ဖြစ်လို့ ဘယ်အဖွဲ့အစည်းမဆို ပြည်သူကိုယဉ်ကျေးပြရမဲ့ အချိန်ပေါ့ မဟုတ်ဘူးလား။ လက်နက်ကိုင်ဆိုတာ ပိုအရေးကြီးတဲ့ နေရာမှာရှိရမယ်လေ။ ဒီလိုလက်နက်ကိုင် တွေကြောင့် နှစ် ၆၀ လောက် ခါးကော့အောင် ပြည်သူတွေ အမျိုးမျိုးခံစားလာခဲ့ရပြီလေ” ဟု ပြောဆိုသည်။
လူထု စားဝတ်နေရေး အတွက် အခက်အခဲမဖြစ်အောင် အဆိုပါတံတားပိတ်ချိန် ၆ နာရီ အားထပ်မံနောက် ဆုတ်ပေးရန် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ လဲချားမြို့သို့ရောက်ရှိစဉ် လဲချားမြို့မှ လွှတ်တော်အမတ်တဦးက တင်ပြတောင်းဆိုခဲ့ဖူးသော်လည်း ယနေ့တိုင် ထူးခြားမှုမတွေ့ရသေးကြောင်း လဲချားဒေသခံ လင်းယဉ်ယဉ်က ဆက်လက် ပြောဆိုသည်။