SSPP/SSA တပ်စခန်းတခုအား အစိုးရတပ် ထိုးစစ်ဆင်နေ

SSPP/SSA တပ်စခန်းတခုအား အစိုးရတပ် ထိုးစစ်ဆင်နေ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းရှိ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ တပ်စခန်း တခုအား အစိုးရတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ဒေသတွင်း သတင်းများက ဆိုသည်။

SSPP/SSA ရှေ့တန်းတပ်သားများ

“အစိုးရတပ် တပ်ရင်း ၂၉၁ က တန့်ယန်းမြို့ဘက်ကနေ တောနင်းပြီး ရေခပ်ဆင်းတဲ့ ကျနော်တို့ရဲဘော်ကို ချောင်းပစ်တယ်။ အဲဒီကနေ ကျနော်တို့စခန်းကို မနေ့ ညနေ ၃ ခွဲ ကနေ ညပိုင်းအထိ တက်တိုက်လို့ တိုက်ပွဲ ဖြစ်တာ။ ဒီမနက်လဲ တမနက်ခင်းလုံးဘဲ” - ဟု ရှေ့တန်းရောက်တပ်မှူး တဦးက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် မှ (တန့်ယန်း - မိုင်းရှူးလမ်းမပေါ်) မိုင်းကောဝ် မရောက်မီ လွယ်စေး စခန်းရှိ SSPP/SSA တပ်ရင်း ၁၉၂ တပ်စခန်းအား မြန်မာအစိုးရ၏  ခြေလျင်တပ်ရင်း ၂၉၁ (လားရှိုးအခြေ စိုက်) က ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲမှ ည ရ နာရီခွဲအထိ တက်တိုက်ခဲ့ကြောင်း၊ ယနေ့တွင်လည်း ခလရ ၃၃ နှင့် ခြေမြန်တပ်ရင်း ခမရ ၃၂၆ တို့ အင်အားထပ်ဖြည့်က နံနက် ၆ ခွဲမှ ယခုသတင်းရေးချိန်(မွန်းလွဲပိုင်း) အထိ တိုက်ပွဲဖြစ် ပွားနေကြောင်း ရှေ့တန်းတပ်မှူးက ပြောသည်။

အယခု တိုက်ပွဲအတွင်း ဒေသခံလားဟူ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များလည်း ပါ၀င်ကြောင်း လားဟူ အကြီးအကဲ တဦးက “ဒေသခံ လားဟူပြည်သူ့စစ်ကို ခလရ ၂၉၁ က လမ်းပြခိုင်းတယ်။ သေတဲ့အထဲမှာ ကျနော်တို့ ပြည်သူ့စစ်လဲ ပါတယ်။ ၁၀ ယောက်လောက်သေမယ် မနေ့က။ ကျနော်တို့တွေလဲ မလိုက်ချင်ဘူး။ ဒီနေ့တော့ တခြား တပ် တွေထပ်ဖြည့်တယ် တိုက်ပွဲဖြစ်နေတုန်းအခု” - ဟု ပြောဆိုသည်။

တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ အတည်ပြုနိုင်ရန် SSPP/SSA ဌာနချုပ်သို့ မေးမြန်းခဲ့ရာ “တိုက်ပွဲက ပိုမိုပြင်းထန်လာတဲ့ အလားအလာရှိတယ်။ ကျနော်တို့လဲ တပ်ရင်း ၁၉၉ ကို အဲဒီဘက်အင်အား ထပ်ဖြည့်ထားတယ်။ ငြိမ်းချမ်းရေးပျက်ပြားလည်း မတတ်နိုင်ဘူးဗျာ သူတို့ကဘဲ ရန်လာရှာတာကိုး” - ဟု အမည် မဖေါ်လိုသည့် ဌာနချုပ်မှ အရာရှိတဦးက ပြောသည်။

အလားတူ အစိုးရ တပ်မတော် စစ်ကြောင်းတခုမှ မတ်လ ၁၁ ရက်နေ့က သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့ နယ် ကျိုင်းလုံး(မ်း) ဒေသဘက်ရှိ အပစ်ရပ် သျှမ်းပြည်တပ်မတော် RCSS/SSA နယ်မြေထဲသို့ အကြောင်း မကြားဘဲ တောနင်းဝင်ရောက်သောကြောင့် နှစ်ဘက်ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ရကြောင်း တိုက်ပွဲကြောင့် နှစ်ဦး နှစ် ဘက်သေဆုံးမှုရှိကြောင်း ဒေသခံများကပြောဆိုသည်။

ယင်းကိစ္စ နှင့် ပတ်သက်၍ RCSS/SSA အရာရှိ တဦးက အစိုးရတပ်ဘက် နှစ်ယောက်သေတယောက်ဒဏ် ရာရှိကြောင်း ပြောသော်လည်း ပြောခွင့်ရ ဗိုလ်မှူးစိုင်းလောဝ်ဆိုင်က တစုံတရာ အတည်ပြု ချက်မပေးပေ။

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် SSPP/SSA တို့နှစ်ဖွဲ့စလုံးသည် နေပြည်တော်အစိုးရနှင့် ပြည်ထောင် စုအဆင့် ငြိမ်းချမ်းရေးအတွက် လက်မှတ်ထိုးထားသည့် အပစ်ရပ်အဖွဲ့အစည်းများဖြစ်သည်။

Most read this week