RCSS/SSA နှင့် တိုက်ပွဲဖြစ်သည့် ဒေသသို့ အစိုးရတပ် အင်အားထပ်ဖြည့်

RCSS/SSA နှင့် တိုက်ပွဲဖြစ်သည့် ဒေသသို့ အစိုးရတပ် အင်အားထပ်ဖြည့်
by -
သျှမ်းသံတော်ဆင့်

ယခင်အပတ်က သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့နယ်ခွဲအတွင်း သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲများဖြစ်ပွါးပြီးနောက်ပိုင်း စစ်ရေးငြိမ်သက်မှုမရှိဘဲ ယမန့်က အစိုးရတပ် အင်အားထပ်ဖြည့် နေကြောင်း ဒေသခံများကပြောသည်။

military burmese

တိုက်ပွဲဖြစ်ပွားပြီး ၃ ရက်အကြာ ယမန်နေ့ကမူ တပ်အပြောင်းအလဲဟုဆိုကာ နမ့်စန်မြို့နယ်မှ တက်လာသည့် စစ်ဖိုးဝီးကား အစီး ၄၀ ခန့် မှာတိုက်ပွဲဖြစ်ပွားရာ နေရာဘက်တို့ သွားနေသောကြောင့် ဒေသခံလူထုက စစ်ရေးပြန်လည် တင်းမာလာမည်ကို စိုးရိမ်နေကြောင်း ရပ်ရွာအကြီးအကဲများကပြောသည်။

“တချို့က စစ်သားအပြည့်တင်တယ်။ လက်နက်တွေတော့ကိုင်ထားတာမတွေ့ဘူး။ တချို့အစီးတွေမှာလဲ ဘာတွေအပြည့် တင်ထား လဲတော့မသိဘူး မိုးကာကြီးတွေနဲ့ ဖုံးထားတယ်။ တနင်္ဂနွေနေ့က တိုက်ပွဲ ဖြစ်တဲ့ဘက်ကိုဘဲ သွားတာနဲ့တူတယ်” ဟု အဆိုပါဒေသအတွင်း ခရီးသွားနေသည့် နိုင်ငံရေးပါတီဝင် တဦးကပြောသည်။

အခုလ ၂၄ ရက်က ခိုလမ်မြို့နယ်ခွဲအတွင်း ခလရ ၆၆ စစ်ကြောင်းတကြောင်းနှင့် သျှမ်းပြည်တပ်မတော်၏ တပ်မဟာ ၃၇၆ လက်အောက်ခံ တပ်ခွဲတခုတိုက်ပွဲဖြစ်ပွါးရာ မြန်မာ့တပ်မတော်မှ စစ်ကြောင်းမှူး အပါအဝင် ၅ ဦးကျဆုံးခဲ့ကြောင်း သျှမ်းပြည် တပ်မတော်က ပြောသည်။

“တိုက်ပွဲအတွင်းမှာ RCSS/SSA ဘက်က စစ်ပစ္စည်းများနဲ့အတူ လက်နက်မျိုးစုံ ၈ လက် သိမ်းဆည်းရတယ်။ ဗမာတပ် ဘက်ကလဲ ပြန်လိုချင်တယ်။ ဒါကို သူတို့က အဲဒီလက်နက်တွေကို ကျေးလက်လူထု နဲ့ ရွာသူကြီးတွေဆီမှာဘဲ ထားပေးပါ။ သူတို့လာယူမယ်တဲ့။ ဒါကို RCSS/SSA က လက်မခံဘူး။ ဘာဘဲဖြစ်ဖြစ် တရားဝင်ပြန်အပ်ချင်တာလေ” - ဟု RCSS/SSA ခေါင်းဆောင်ပိုင်း နှင့် နီးစပ်သူ ပုဂ္ဂိလ်တဦးကပြောဆိုသည်။

ထိုသို့တိုက်ပွဲများ ဖြစ်ပွါးပြီးသည့်နောက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ရလခ တိုင်းရုံးစိုက်ရာ ခိုလမ်မြို့နယ်ခွဲရှိ RCSS/SSA ၏ဆက်ဆံရေးရုံးထိုင် ဗိုလ်မှူး ဒေဝိန်အား မြန်မာစစ်တပ်က ဖမ်းဆီးထား သည်ဟု ဒေသခံများကြား ပြောဆိုနေကြသော်လည်း သျှမ်းပြည်တပ်မတော် ပြောခွင့်ရ ပုဂ္ဂိုလ်က အတည်ပြုခြင်းမရှိခဲ့ပေ။ ဗိုလ်မှူးဒေဝိန် နှင့်နီးစပ်သူတဦးကမူ ရလခ တိုင်းရုံးသို့ခေါ်ယူတွေ့ဆုံမေးမြန်းမှု မှန်ကန်ကြောင်း၊ ထိန်းသိမ်းထားခြင်းမျိုး မဟုတ်ဘဲ တွေ့ဆုံမှုကြန့်ကြာသွားခြင်းသာဖြစ်ကြောင်း ပြောဆိုသည်။

“တိုက်ပွဲဖြစ်တဲ့နေ့က တိုင်းရုံးကခေါ်သွားတာပါ။ မေးမြန်းဖို့သက်သက်ပါဘဲ။ ဖမ်းတယ်လို့တော့မဟုတ်ပါဘူး။ အဲ့ချိန်မှာလဲ သူ့ကိုဆက်သွယ်လို့မရတော့ လူထုက စိတ်ပူပြီးတော့ အဖမ်းခံရတယ်ထင်ပြီး ဒီသတင်း ကြီးသွားတာ။ အခုတိုင်းရုံးက ပြန်လွှတ်ပေးပါပြီ။ မနေ့ညကတောင် ကျနော်တို့ အတူတူထမင်းစားနေသေး တယ်” - ဟု အဆိုပါရုံးထိုင် ကိုယ်စားလှယ်နှင့် နီးစပ်သူ ခိုလမ်ရပ်မိရပ်ဖတဦးကပြောသည်။

ယမန်နှစ် ဩဂတ်စ်လကလည်း နမ္မတူမြို့နယ် ဒေသခံတချို့အား သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ၏ အမာခံ လူဟု စွပ်စွဲကာ မြန်မာ့တပ်မတော်က ၁၀ ဦးထက်မနဲ ဖမ်းဆီးခဲ့သည်။ ထိုနောက်ပိုင်း SSPP/SSA က ခြေမြန်တပ်ရင်း ခမရ ၃၂၄ ၏တပ်ရင်း ဗိုလ်ကြီး သက်စိုးကို ဖမ်းဆီးခဲ့သည်။ ၎င်းဖြစ်ရပ်များနှင့်ပတ်သက်၍ မေးမြန်းရန်ဟုဆိုကာ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရမခ တိုင်းရုံးက လားရှိုးမြို့ရှိ SSPP/SSA ၏ ဆက်ဆံရေးရုံးထိုင်ကိုယ်စားလှယ်ကို ၄၈ နာရီကြာ ခေါ်ယူထားခဲ့ဖူးသည်။

Most read this week