အစိုးရသစ်လက်ထက် သျှမ်း/အရှေ့ ဒေသခံများ လူ့အခွင့်အရေး ချိုးဖောက်ခံနေရဆဲ

အစိုးရသစ်လက်ထက် သျှမ်း/အရှေ့ ဒေသခံများ လူ့အခွင့်အရေး ချိုးဖောက်ခံနေရဆဲ
by -
သျှမ်းသံတော်ဆင့်

အစိုးရသစ်တက်လာသော်လည်း သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်မြို့နယ်အတွင်းဒေသခံများ လူ့အခွင့် အရေးချိုးဖောက် ခံနေရဆဲဖြစ်သဖြင့် နိုင်ငံရေးပါတီ သို့မဟုတ် အပစ်ရပ်တပ်ဖွဲ့များ၏ ဆက်ဆံရေးရုံးများ လာရောက်စိုက်ထားစေလိုကြောင်း ဒေသခံများကပြောသည်။

“ကျနော်တို့ဆီမှာအခုရင်ဆိုင်နေရတဲ့ပြဿနာက ၂ ခု ရှိတယ်။ ပထမတခုက ကျနော်တို့ရဲ့ အုပ်စုဥက္ကဌဟောင်း နဲ့ စစ်ဘက် ဆိုင်ရာ အာဏာပိုင်တွေပူးပေါင်းပြီး အကွက်ချ ရောင်းစားခဲ့တဲ့ ဒေသခံများရဲ့လယ်ယာမြေတွေကို ပြန်လိုချင်တယ်။ နောက်တခုက ဒေသခံတွေ  ဟိုဘက်အုပ်စုနဲ့ ဒီဘက်အုပ်စု သွားလာတာတောင်မှ ကြားမှာ အခွန်စောင့်ကောက်နေတဲ့ ပြည်သူ့စစ်အဖွဲ့တွေရှိနေသေးတယ်။ ဒီပြဿနာတွေကိုဖြေရှင်းပေးစေချင်လို့ သျှမ်းနိုင်ငံရေးပါတီတခုခု သို့မဟုတ် RCSS အပစ်ရပ်အဖွဲ့တွေကနေ ရုံးလာစိုက်စေချင်တာ” ဟု မိုင်းခတ်မြို့ နယ်ခွဲ မိုင်းနုန်းအုပ်စုဒေသခံ လုံးစိုင်းက ပြောသည်။

ဒီဇင်ဘာလက အုပ်စုဥက္ကဌရာထူးမှ ထွက်သွားသော ဦးစိုင်းတီသည်ဒေသအတွင်း အစိုးရတပ်အကြီးအကဲနှင့် ပူးပေါင်းကာ ဒေသခံများ၏ လယ်မြေ ၂၄ ဧက အား အကွက်ချ၍ ရောင်းချကြောင်း၊ တလံ ( ၅ ပေဝန်းကျင်) လျှင်ကျပ် တစ်သောင်း ဟူ၍လည်းရောင်းချကြောင်း၊ မိမိတို့ ဘိုးဘွားပိုင်လယ်မြေများအား အကွက်ချရောင်း ချမှုအပေါ် လူထုတို့ မကျေမနပ်ဖြစ် နေကြကြောင်း ဆိုသည်။

“ဥက္ကဌဟောင်းမဆင်းခင်တုန်းက ဒီအကြောင်း ဗျူဟာမှူးကိုကျနော်တို့သွားပြောတယ်။ ဗျူဟာက -ခင်ဗျားတို့မြေကိုကျနော် ဘယ်မှ သယ်မသွားနိုင်ပါဘူး။ ခင်ဗျားတို့ရွာသားတွေ ကျယ်ကျယ်ပြန့်ပြန့် လွတ်လွတ်လပ်လပ် နေနိုင်အောင်လုပ်ပေးတာပါ- တဲ့။ လာဝယ်တဲ့လူတွေက ဒီက ရွာသားတွေမဟုတ်ဘူး။ ဗျူဟာနဲ့ရင်းနှီးတဲ့လူတွေဖြစ်နေတယ်” ဟု လုံးစိုင်းကပြောသည်။

ထို့အပြင် ၈ မိုင်ခန့်သာကွာဝေးသော မိုင်းနုန်းအုပ်စုနှင့် မိုင်းကာအုပ်စုကြား၌လည်း ဆိုင်ကယ်စီးသည့် ဒေသခံများထံမှတစီး ကျပ် ၅၀၀ ကို နမ့်ဝိုင်းရွာပြည်သူ့စစ်က စောင့်ကောက်နေကြောင်း မိုင်းခတ်မြို့ခံတဦးက ပြောဆိုသည်။

“အဲဒီဘက်မှာ လှုပ်ရှားနေတာ ဂျဟယ်ဦးဆောင်တဲ့ ပြည်သူ့စစ်ရှိတယ်။  ဒီအဖွဲ့က အဲဒီမှာ ပိုက်ဆံစောင့် ကောက် နေတာ ၄-၅ နှစ်ကြာပြီ။ တအုပ်စုနဲ့တအုပ်စုကြား သွားလာတာတောင်မှပေးရတယ်။ ရွာသားတွေ သူတို့ကြောင့်မွဲနိုင်တယ်” ဟု၎င်းက ပြောသည်။

ထိုကဲ့သို့အခက်အခဲများရှိလာပါက ဒေသခံများအနေဖြင့် မိုင် ၆၀ ခန့်ဝေးသော ကျိုင်းတုံမြို့သို့ သွားရောက် တိုင်ကြားရကြောင်း၊ ထို့အတွက် အချိန်မီဖြေရှင်းပေးနိုင်ရန် နိုင်ငံရေးပါတီများအား မိုင်းနုန်းအုပ်စု (သို့မဟုတ်) မိုင်းခတ် မြို့နယ်ခွဲတွင် လာရောက်ရုံးဖွင့်လှစ်စေလိုကြောင်း ဒေသခံများကပြောဆိုသည်။

မိုင်းခတ်မြို့နယ်သည် ကျိုင်းတုံမြို့မြောက်ဘက်တည့်တည့် မိုင် ၅၀ ကျော်အကွာတွင်တည်ရှိ၍ မိုင်းနုန်းအုပ်စုသည် မိုင်းခတ်မြို့အနောက်ဘက် ရ မိုင်အကွာတွင်တည်ရှိသည်။ သျှမ်းနှင့် အခါလူမျိုး ရောနှောနေထိုင်သည့်အုပ်စု ဖြစ်ပြီး သျှမ်းရွာသီးသန့် ရ ရွာရှိသည်ဟု ဒေသခံများပြောပြချက်အရ သိရသည်။