သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ပေါက်တိုက်ရပ်ကွက်အတွင်း အသတ်ခံရသော ကျားဖြူပါတီ ဥက္ကဌ၏တူ အတွက် နှင့် ဒဏ်ရာအပြင်းအထန်ရ ရှိသော သူတယောက်အတွက် တရားခံအား ရုံးချိန်းစစ်ဆေး သည့် ၂ ရက်စလုံး ဒေသခံ တစ်ရာ ကျော်စုဝေးရောက်ရှိ နားထောင်ကြောင်းသတင်းရရှိသည်။
“ မနေ့က တရားရုံးက နေ့လည် ၁ နာရီခွဲခေါ်ထားတယ်၊ ညနေ ၃ နာရီမှ တရားသူကြီးကလာတာ၊ အခင်း ဖြစ်ပွားတဲ့နေ့က ပါ၀င်တဲ့ သေဆုံးသူရဲ့ သူငယ်ချင်း ၄ ယောက်က သူတို့မြင်ခဲ့ရသမျှ အကုန်လုံးထွက်ဆို ပေးတယ်၊ ညနေ ၆ နာရီလောက်မှ ပြီးတယ်၊ ဒီနေ့တရားခံကို ထုတ်လာတော့ ၂ မိနစ် လောက်ဘဲ မေးမြန်းပြီး ရဲစခန်းကို ပြန်ခေါ်သွားတယ်” ဟု သေဆုံးသူ တရားလိုဘက်မှ ဆွေမျိုးတစ်ဦးကဆိုသည်။
မျက်မြင်သက်သေအဖြစ် ထွက်ဆိုပေးသူများမှာ စိုင်းစံမိန်း၊ စိုင်းဆိုင်မိန်း၊ စိုင်းလောဝ်ကွမ်း၊ စိုင်းလိန် တို့ဖြစ်ကြောင်း၊ ဒေသခံ သျှမ်းလူမျိုး ၁၂၀ လောက်စုဝေးရောက်ရှိလာကြောင်း၊ ဓါးခုတ်ဒဏ်ရာပြင်းထန်သော စိုင်းလှိုင်းပန် မှာလည်း တရုတ်ဘက်ခြမ်း ဆေးရုံတစ်ခုတွင်ဆေးကုသမှု ခံယူနေရသေးကြောင်း ၄င်းကဆိုသည်။
“တရားခံကိုဗျာ တရားခံနဲ့ တူအောင်မလုပ်ထားဘူး၊ ခါတိုင်းတရားခံကို ရုံးထုတ်လာရင် လက်ထိပ်ခြေထိပ်ခတ် ပြီး ရဲစခန်း ကနေ တရားရုံးအထိ လမ်းလျှောက်လာခိုင်းတယ်၊ ခု ဒီလူသတ်တဲ့တရားခံ ကတော့ လက်ထိပ်သာ ခတ်ထားပြီး ဆလွန်းကားနဲ့ စခန်းမှူးကိုယ်တိုင် မောင်းပို့ပေးတာတွေ့ရတယ်၊ တရားခံကားပေါ်ကနေဆင်း လာတော့ လာစောင့်ကြည့်တဲ့ လူထုက ဓါတ်ပုံ ဝိုင်းရိုက်ကြပြီး မိနစ်အနည်းငယ်မှာပဲ အဲဒီတရားခံပုံ နမ့်ခမ်းတစ်မြို့လုံး ပျ့ံသွားတယ် ” ဟု တရားခံကို သွားရောက် စောင့်ကြည့်သူ နမ့်ခမ်းလူငယ် စိုင်းပီးက ပြောသည်။
တရားခံသည် ယနေ့တရားရုံး၌ ဖေဖော်ဝါရီလ ၆ ရက်နေ့က အမှန်တကယ် လူသတ်ခဲ့ကြောင်းဝန်ခံထွက် ဆိုပြီး နောက် ရဲစခန်းသို့အပြန် လူအုပ်ကြီးကလည်း ၄င်းတရားခံစီးသည့် ကားနောက်လိုက်ကာ ရဲစခန်းအတွင်းအထိ လိုက်ဝင်သွားကြ ကြောင်း ၄င်းကဆိုသည်။
“တရားခံကို မြင်ဖူးချင်လို့ တရားရုံးကနေ ရဲစခန်းအထိ လိုက်ဝင်သွားတာ စခန်းမှူးက ကျမတို့ကို မောင်းထုတ်တယ်။ “နင်တို့ ခုချက်ချင်း မထွက်သွားရင် ရဲစခန်းနှောင့်ယှက်မှုနဲ့ အားလုံးဖမ်းဆီးတရားစွဲမယ် ”လို့ပြော တယ်။ အဲတာ ကြည့်ချင်းအားဖြင့် တရားက ကျော်မြင့်ပန်းဆေးရဲ့အမျိုးမို့လို့ ကာကွယ်ပြောဆိုနေတာ ထင်ရှားတယ်ရှင့် ” ဒေသ ခံအမျိုးသမီး နန်းစမ် ကပြောသည်။
“ ၆ ရက်နေ့က ဓါးခုတ်ခံရတဲ့ စိုင်းအိုက်လိန် ရွှေလီဆေးရုံအသွား လမ်းမှာပဲ ဆုံးသွားတယ်၊ စိုင်းလှိုင်းပန် လဲ ကံကောင်းလို့ မသေတာ။ စိုင်းအိုက်လိန် ရဲ့ ဦးခေါင်းက ဒဏ်ရာနဲ့ တထေရာထဲဘဲ သူလဲ ခေါင်းမှာအခုတ်ခံထား ရတယ်။ ဆိုတော့ ဓါးခုတ်တဲ့ လက်သည်ဟာ တယောက်ထဲပဲ ဆိုတာထင်ရှားတယ်” ဟု တရုတ်ပြည် ဆေးရုံရောက် စိုင်းလှိုင်းပန်၏ဆွေမျိုးတစ်ဦး ကပြောသည်။
စိုင်းလှိုင်းပန်သည် ဓါးခုတ်ဒဏ်ရာကြောင့် ဦးနှောက်ထဲသို့ အရိုးစများစူးဝင်နေရာ ဦးနှောက် ခွဲစိတ် ကုသရပြီး ခုချိန်ထိ ဆေးကုသစရိတ် တရုတ်ငွေ ၅သောင်း( မြန်မာငွေ ကျပ်သိန်း ရဝ ကျော် နှင့်ညီမျှ) ကုန်ကျနေပြီဖြစ် ကြောင်း၊ တရားခံကိုလည်း တစ်ယောက်တည်းသာ မိနေသေးသည့်အတွက် မိမိတို့အနေဖြင့် ကျေနပ်မှုမရှိသေး ကြောင်း၄င်းကဆိုသည်။
“ကျနော်တို့က ခုလို စုဝေးရောက်ရှိလာတာကတော့ သေဆုံးသူမိသားစုကို အားပေး လိုခြင်း၊သျှမ်းလူမျိုး၊ ဒေသခံတွေဘယ် လောက်သွေးစည်းညီညွှတ်လဲဆိုတာ အာဏာပိုင်တွေကိုသိစေလိုခြင်း၊ အဓိကတော့ အမှုမှန်ပေါ်ပေါက်ဖို့အတွက် လာရောက်စုဝေးကြခြင်း ဖြစ်ပါတယ်”ဟု မြို့နယ်တရားရုံးရှေ့တွင် စုဝေးရောက်ရှိနေသော လုံးအိုက်စိုင်း ကပြောသည်။
ဖေဖော်ဝါရီ ၂၁ ရက် မနက် ၁၁ နာရီအချိန်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့် (ပန်ဆေးပြည်သူ့စစ် ခေါင်းဆောင်)၏ တူ တရားခံ ရဲအောင်ထွေး (ခ) လီဖန် ကို ရုံးထုတ်စစ်ဆေး မေးမြန်းပြီး နောက် ခရိုင်တရားရုံးသို့ လွှဲပြောင်း စစ်ဆေးမည်ဖြစ်ကြောင်း၊ သို့သော် နေ့ရက် အတိအကျကိုမူ မသိရ ကြောင်း၊ တရားခံ၏ ရက်စက်ကြမ်းတမ်း သောအပြု အမူများကိုကြည့်ခြင်းအားဖြင့် စိတ်ကြွဆေး တမျိုးမျိုးကို သုံးစွဲခြင်းကြောင့်လည်းဖြစ်နိုင်သည်ဟု ရဲအသိုင်းအဝိုင်းကဆိုသည်။
လူသတ်တရားခံ လိဖန်နှင့် အပေါင်းအပါတို့သည် ယခုအမှုအပါအဝင် လူသတ်မှု ၆ မှုကျူးလွန်ခဲ့ပြီဖြစ် ကြောင်းလည်း ရဲအသိုင်းအဝိုင်းကဆိုပါသည်။