ဖွံ့ဖြိုးရေးကဏ္ဍ တောင်တန်းမြေပြန့် ကွာဟမှု ညှိနှိုင်းပေးဖို့ ကျားဖြူအမတ်တောင်းဆို

ဖွံ့ဖြိုးရေးကဏ္ဍ တောင်တန်းမြေပြန့် ကွာဟမှု ညှိနှိုင်းပေးဖို့ ကျားဖြူအမတ်တောင်းဆို
by -
သျှမ်းသံတော်ဆင့်

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် တိုင်းဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် တိုင်းရင်းသား ပြည်နယ်များဖွံ့ဖြိုး တိုးတက်မှုကို မျှမျှတတ ဆောင်ရွက်ပေးရန် အစည်းအဝေး၏ ၂၀ ရက်မြောက်နေ့က လွှတ်တော်အတွင်း တင်ပြဆွေးနွေးခဲ့ရသည်ဟု ကျားဖြူပါတီ၏ ပြည်သူ့လွှတ်တော် အမတ်က ပြောသည်။

ကျားဖြူပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဟတ် (ဓါတ်ပုံ- facebook)

“ကျနော်တို့ တိုင်းရင်းသားဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်မှုမရှိတဲ့အချိန်မှာ နေပြည်တော်မှာ တိုးချဲ့ပြီးရင်း တိုးချဲ့ဆောက် လုပ်ပြီးရင်းဆောက်လုပ်နေတယ်။ ဥပမာ ကားလမ်းမကြီးတွေဆိုရင် ၁၀ လမ်းသွားကို ထပ်ပြီးတိုးချဲ့နေချိန်  သျှမ်းပြည်မှာ ကားလမ်းက တလမ်းသွားကနေ မတက်နိုင်ဘူး။ ဆေးရုံဆေးခန်းကြီး တွေဆိုရင်လည်း နေပြည်တော်မှာ ကုတင် ၁၀၀၀ ဆန့်တို့ ကုတင် ၅၀၀ ဆန့်တို့ ဆောက်ပြီးထပ်ဆောက်နေ တယ်။ စတာတွေပေါ့နော် ။ ကျနော် ဖေဖော်ဝါရီ ၁၃ ရက်နေ့က တင်ပြ ဆွေးနွေးမှုထဲမှာလဲထဲ့သွင်းတင်ပြ သွားပါတယ်” ဟု မိုင်းရယ်မြို့နယ် ကျားဖြူပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဟတ်ကပြောသည်။

ဥပမာ လမ်းဖောက်လုပ်ခြင်း၊ တံတားတည်ဆောက်ခြင်း၊ စက်ရုံအလုပ်ရုံများ တည်ဆောက်ခြင်း၊ ဆက်သွယ်ရေး ကောင်းမွန်ရေး၊ လျှပ်စစ်ဓါတ်အားရရှိရေး၊ ပညာရည်မြင့်တင်ရေး၊ ကျန်းမာရေးဆိုင်ရာပံ့ပိုးမှု စသည့်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အတတ်နိုင်ဆုံးအချိုးညီ မျှမျှတတဖြစ်အောင်ဆောင် ရွက်ပေးရန် လိုအပ်သည်ဟု  ဖေဖော်ဝါရီ ၁၃ ရက်နေ့က တင်ပြခဲ့ကြောင်း ဆက်ပြောသည်။

၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေမူကြမ်းနှင့်ပတ်သက်ပြီး မူနှင့်အခြေခံသဘောများအပေါ် အကြံပြု တင်ပြဆွေးနွေးရာတွင် ၁- လက်နက်ကိုင် အဖွဲ့အစည်း အများစုနှင့် အပစ်အခတ်ရပ်စဲပြီး စေ့စပ်ဆွေးနွေးမှုများ ဆောင်ရွက်နိုင်ခဲ့ သော်လည်း လက်နက်ကိုင်ပဋိပက္ခ လုံးဝ ချုပ်ငြိမ်းခြင်းမရှိသေးဘဲ တိုက်ပွဲများ ဆက်လက်ဖြစ်ပွါးနေခြင်း၊ ၂- ဆန္ဒပြတောင်းဆို မှုအမျိုးမျိုး ပေါ်ပေါက်နေလျှက်ရှိခြင်း၊ ၃- နယ်စပ်ဒေသ တိုင်းရင်းသားများနှင့် နိုင်ငံသားမဟုတ်သူများ အကြား ပဋိပက္ခဖြစ်ပွါးခြင်း၊ ၄- နိုင်ငံအနှံ့ လယ်ယာမြေများ မတရား သိမ်းဆည်းခံရမှုများကြောင့် တောင်သူလယ်သမားများ မြေယာပြန်လည် လုပ်ကိုင်ပိုင်ဆိုင်လိုခွင့် တောင်းဆိုမှုများမြင့်မားနေခြင်း၊  ၅-  ဆင်းရဲနွမ်းပါးမှုများ အမြန်လျှော့ချနိုင်ရေး ကောင်းမွန်သော အစီအမံများလိုအပ်နေခြင်း အစရှိသည့် အချက်များကို တင်ပြခဲ့သည်ဟု စိုင်းဟတ်ကပြောဆိုသည်။

“အစိုးရတရပ်ဟာ နိုင်ငံတော် တည်ဆောက်ရာမှာ လူထုရဲ့ ဆန္ဒသဘောအတိုင်း လိုက်နာပြီးလုပ်ရမယ်လေ။ အခု လူထုက သူတို့လိုအပ်တာကို  ကျနော်တို့ကို တင်ပြတယ်။ ကျနော်တို့က လွှတ်တော်ထဲကို သွားပြီး တင်ပြတယ်။ ဒါပေမယ့် အစိုးရက ကျနော်တို့တင်ပြချက်ကို အလေးမထားဘူး အဲ့လိုသဘောမျိုးဖြစ်နေတယ်” ဟု ဆိုသည်။

နိုင်ငံတော်အေးချမ်းမှုမရှိခြင်းသည် ခေတ်အဆက်ဆက် ယုံကြည်မှု တည်ဆောက်နိုင်ခြင်း အကျိုးဆက် ပင်ဖြစ်ကြောင်း၊ နှစ်ကာလကြာရှည်စွာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ယနေ့ထိ ချုပ်ငြိမ်းခြင်း မရှိသေးဘဲ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားကာ တိုင်းပြည်ရဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကျန်းမာရေး အဘက်ဘက် နိမ့်ကျနေလျက် ရှိသဖြင့် အမြန်ကုစား ရန်လိုအပ်နေရာ တိုင်းရင်းသားများ အချင်းချင်းကြား ယုံကြည်မှု တည်ဆောက်ရန် အထူးလိုအပ်သည်ဟု လည်းပါရှိသည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဌမပုံမှန်အစည်းအဝေးကို ပြီးခဲ့သည့် ဂျန္နဝါရီလ ၁၁ ရက်နေ့ကတည်းက စတင် ကျင်းပခဲ့ရာမှ မတ်လအတွင်း ပြီးဆုံးဖွယ်ရှိကြောင်း သိရသည်။

Most read this week