တရုတ် - မြန်မာနှစ်နိုင်ငံ နယ်စပ်တစ်လျှောက် မြန်မာလဝက ရုံးစိုက်ရာမြို့များ၌ နယ်စပ်ဖြတ်သန်းခွင့် စာအုပ် ပြုလုပ်ရာတွင် သျှမ်းပြည် (တောင်ပိုင်း) နှင့် (အရှေ့ပိုင်း) နေနယ်ခံများ အတွက် အခက်အခဲ ပိုရှိနေကြောင်း သိရသည်။
သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့တွင် မြောက်ပိုင်း အိမ်ထောင်စုစာရင်းရှိသူများကိုသာ အဆိုပါ နယ်စပ်ဖြတ်သန်းခွင့် စာအုပ် ထုတ်ပေးခြင်း ဖြစ်သည် ။
မြန်မာပြည် အရပ်ရပ်မှ ဒေသခံများမှာ (မူစယ်မြို့မှလွဲ၍ ) တရုတ် - မြန်မာနယ်စပ် တစ်လျှောက် မြန်မာ လဝက ရုံးစိုက်ရာ အခြားမြို့များတွင် ၎င်းနယ်စပ်ဖြတ်သန်းခွင့် စာအုပ် ပြုလုပ်ခွင့်ရရှိနေသည်။
သို့သော် သျှမ်းတောင်နှင့် အရှေ့ပိုင်း ဒေသခံများမှာမူ နယ်စပ်ဖြတ်ခွင့်စာအုပ်ရရေး ပိုမိုခက်ခဲနေကြောင်း မြန်မာလဝကနှင့် နီးစပ်သူ သျှမ်းပြည်သားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
“သျှမ်းပြည် မှတ်ပုံတင်နံပတ်က ၁၃ / နဲ့စတာပေါ့နော်။ သျှမ်းပြည် (မြောက်ပိုင်း) ကျတော့ မူစယ်မှာလုပ်လို့ ရတယ်။ အဲဒီ သျှမ်းပြည် တောင်ပိုင်းနဲ့ အရှေ့ပိုင်း ဒေသခံတွေက တခြားဒေသခံတွေထက် ရဖို့ပိုခက်တယ်။ ဘာဖြစ်လို့ဆိုတော့ တခြား ဒေသခံတွေက မူစယ် မဟုတ်တဲ့ တခြားနေရာမျိုးမှာ သွားလုပ်လို့ရတယ်။ ဒီ ၁၃/ နဲ့စတဲ့ တောင်ပိုင်းတို့ အရှေ့ပိုင်းတို့ဆို လုပ်မပေးဘူး။ တကယ်လို့လုပ်ပေး ခဲ့ရင်တောင် တရုတ်နိုင်ငံထဲဝင်ဖို့ မူစယ်လဝက ခွင့်မပြုဘူး” ဟု သူက ဆိုသည်။
ယခင် စစ်အစိုးရ နဝတ၊ နအဖလက်ထက်က သျှမ်းပြည်အား မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်းဟူ၍ ၃ ပိုင်းခွဲ အုပ် ချုပ်ခဲ့သော်လည်း ယခုအစိုးရလက်ထက်တွင် သျှမ်းပြည်ကို ထိုသို့ခွဲခြားထားခြင်းမရှိတော့ ကြောင်း၊ ထို့ကြောင့် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့တွင် သျှမ်းဒေသခံအားလုံးအတွက် ၄င်းနယ်စပ် ဖြတ်သန်းခွင့် စာအုပ် ထုတ်ပေးသင့်ကြောင်း သူက ဆက်ပြောသည်။