အစိုးရ တပ်ရင်းတခုတည်း သုံးကြိမ်ထက်မနည်း အဓမ္မပြုကျင့်

အစိုးရ တပ်ရင်းတခုတည်း သုံးကြိမ်ထက်မနည်း အဓမ္မပြုကျင့်
by -
သျှမ်းသံတော်ဆင့်

ယခင်အပတ် သျှမ်းပြည်နယ်နေ့က သားသည်မိခင်အား ဓါးပြတိုက် မုဒိန်းကျင့်သည့် သျှမ်းပြည်အလယ်ပိုင်း ကျေးသီးမြို့ အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၁၃၁ သည် ပြီးခဲ့သည့် ၂၀၁၁ က တကြိမ် ၂၀၀၇ ကတကြိမ် သျှမ်းပြည်အလယ်ပိုင်း ဒေသခံအမျိုးသမီး များအား မုဒိန်းကျင့်ခဲ့ဖူးသော်လည်း အထက်မှ ပြစ်ဒဏ်ပေး ဆောင်ရွက်ပေးခြင်းမရှိကြောင်း ဒေသခံများကပြောသည်။

“သျှမ်းပြည်နယ်နေ့တုန်းက နန်း --- ကို မုဒိန်းကျင့်တဲ့ တပ်သားမောင်ဦးဘဲ။ ၂၀၀၇ တုန်းကလဲ မိုင်းရှူးမှာ တခါ မုဒိန်း ကျင့်တယ်။ နောက် ၂၆/၁၁/၂၀၁၁ တုန်းက မိုင်းနောင်မြို့နယ်ခွဲမှာလေ ဆွံ့အ အမျိုးသမီးကို အုပ်စုလိုက် မုဒိန်းကျင့် တာလေ။ အမှတ် ၃ စစ်ဗျူဟာလက်အောက်ခံ ခလရ ၁၃၁ ဘဲ။ အဲဒီ အမှုစစ်တုန်းက သူတို့မလုပ်ရသလိုလိုနဲ့  ဒီတိုင်းဘဲ ပြီးသွားတယ်။ အခုလဲ ဒီအတိုင်း ပြီးသွားမှာကို စိုးရိမ်တယ်” ဟု ကျေးသီးဒေသခံ ပါ့အေးနန်း က ပြောသည်။

ဖေဖော်ဝါရီ ရ ရက် ညသန်းခေါင်အချိန်က ကျေးသီးမြို့ မိုင်းနင်အုပ်စု နောင်ယုံးရွာသူ တဦးအား ခလရ ၁၃၁ မှတပ်သား မောင်ဦး အဓမ္မမှုမပြုမှီ အနီးရှိ အိမ်နှစ်လုံးကို ခိုးဝင်ခဲ့သေးကြောင်း၊ ကျေးရွာအတွင်း ရေအားလျှပ်စစ်မီးကြိုးအားလည်း ခုတ်ဖြတ်ခဲ့သေးကြောင်း သိရသည်။

မုဒိန်းကျင့်ခံရပြီး ၆ ရက်မြောက်သည့် ယနေ့တွင်မူ ရဲစခန်းမှတာဝန်ရှိသူများနှင့် ကျားဖြူပါတီအမတ်၊ ပါတီဝင်အချို့တို့ က ရန်ကုန်ပို့စစ်ဆေးမည့် သက်သေပစ္စည်းများ မပေါက်ပျက် မဖောက်ဖျက်အောင် ထုတ်ပိုးပြင်ဆင်နေကြကြောင်း ကျားဖြူပါတီဝင်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။

“မုဒိန်းကျင့်ခံရတာက ကျနော့် အိမ်နဲ့ နှစ်အိမ်ကျော်က အိမ်ဘဲ။ ဒီအမှုကို နေပြည်တော်ရောက် ကျနော်တို့ ပြည်သူ့လွှတ် တော်အမတ်ကိုလဲ ပြောထားတယ်။ အခုကတော့ ဒေသခံ ပြည်နယ်လွှတ်တော်အမတ် တဦးအနေနဲ့ ဒေသခံတွေအနေနဲ့ဘဲ အမှုဖွင့်တိုင်တမ်းထားတယ်။ ဒါပေမယ့် စစ်သားဆိုရင် စစ်ခုံရုံးဖွဲ့ပြီးစစ်ဆေးရမယ်၊ မြို့နယ်တရားရုံးတို့၊ လူထုဝင်ရတဲ့ တရား ရုံးတို့ ဘာတို့ သူတို့မဝင်ရဘူးလေ” - ဟု ကျားဖြူပြည်နယ်လွှတ်တော်အမတ် စိုင်းဆန်လှိုင်း က ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ တပ်မတော် အခန်းကဏ္ဍ၊ အခန်း ၈ ပုဒ်မ ၃၄၃ စစ်ဘက်တရားစီရင်ရာတွင် - တပ်မတော် သားများအတွက် အဖွဲ့ဖြင့်ဖြစ်စေ၊ တဦးတည်းဖြစ်စေ ဥပဒေနှင့် အညီစီရင်နိုင်သည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည် ဟုပါရှိသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA  အားထိုးစစ်ဆင် တိုက်ခိုက်နေသော ကာလက ရလခ တိုင်းမှူး ဗိုလ်ချုပ် မြထွန်းဦးက လက်အောက်ခံတပ်ရင်း များနှင့် တပ်သားကေဒါများအား - သျှမ်းပြည်တပ်မတော် ထိန်းချုပ်နယ်မြေအတွင်း ယောကျာ်းတွေ့လျှင်ပစ်သတ် မိန်းမ တွေ့လျှင်မုဒိန်းကျင့် - ဟု ခွင့်ပြုမိန့်ပေး ထားခဲ့ဖူးသည်ဟု ဒေသခံများက ဆိုသည်။