သိန်းသန်းချီကုမ္ပဏီ ဆိုင်ခန်းများ အဆမတန် စျေးတင်ရောင်း

သိန်းသန်းချီကုမ္ပဏီ ဆိုင်ခန်းများ အဆမတန် စျေးတင်ရောင်း
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ ဂေါက်ကွင်းအနီး ဆောက်လုပ်နေသော ယာဉ်ရပ်နားဝင်းအတွင်းရှိ ဆိုင်ခန်းများကို သိန်းသန်းချီကုမ္ပဏီမှ  မတန်တဆ စျေးတင် ရောင်းချနေကြောင်း မူစယ်မြို့ခံများက ဆိုသည်။

၂၀၁၂ နိုဝင်ဘာလပိုင်းက အကျယ် ၁၃ ဧကရှိ ကြံခင်းအား ၄င်းကုမ္ပဏီမှ ကျပ်သိန်း ၃၀ လျော်ကြေးပေး သိမ်းယူကာ ယာဉ်ရပ်နားဝင်း တည်ဆောက်နေခြင်း ဖြစ်ပြီး  ယခုအခါ ဆောက်လုပ်လက်စ ဆိုင်ခန်း တစ်ခန်းကို ကျပ်သိန်း ၈၅၀ ဖြင့် ကြို တင်ရောင်းချနေခြင်း ဖြစ်သည်။

“ဆောက်လက်စ ဆိုင်ခန်းတွေ ကြိုတင်ရောင်းနေတာ။ ၂၅ × ၄၀ ပေ အကျယ် တစ်ခန်းကို ကျပ်သိန်း ၈၅၀ ။ စျေးများ လွန်းလို့ ၀ယ်မယ့်သူမရှိသေးဘူး” ဟု မူစယ်မြို့ခံတစ်ဦးက ဆိုသည် ။

ကုမ္ပဏီဘက်မှ ယာဉ်ရပ်နားဝင်း ကန်ထရိုက်ယူ ဆောက်လုပ်သည့် စုစုပေါင်း ကုန်ကျငွေမှာ ကျပ်သိန်း ၃၀၀ ၀န်းကျင်ခန့် သာရှိပြီး ဆိုင်ခန်းတစ်ခန်း ရောင်းရငွေသည်ပင် အရင်းကြေရုံမက အမြတ်ထွက် နေကြောင်း အတွင်းသိ ဒေသခံများက ပြောဆိုသည်။

ယမန်နှစ် နိုဝင်ဘာလပိုင်း မြေသိမ်းယူစဉ်က ဒေသခံမြေပိုင်ရှင်နှင့် ၄င်းကုမ္ပဏီတို့ အကြား တုတ်၊ ဓါးဆွဲရသည်အထိ နှစ်ဘက် တင်းမာမှုရှိခဲ့ကြောင်း သိရသည် ။