သျှမ်းပြည် (မြောက်ပိုင်း) မှ အစိုးရတပ်များ ကချင်စစ်မျက်နှာသို့ အင်အားဖြည့်

သျှမ်းပြည် (မြောက်ပိုင်း) မှ အစိုးရတပ်များ ကချင်စစ်မျက်နှာသို့ အင်အားဖြည့်
by -
သျှမ်းသံတော်ဆင့်

လတ်တလော KIA နှင့် အစိုးရတပ်တို့ နှစ်ဘက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေသည့် ကချင်ပြည်နယ် အတွင်းသို့ သျှမ်း ပြည် (မြောက်ပိုင်း) မှ အစိုးရတပ်များ ပို့ဆောင်နေကြောင်း စစ်ဘက်သတင်း ရပ်ကွက်များ အဆိုအရ သိရသည် ။

သျှမ်းပြည် (မြောက်ပိုင်း) သိန်းနီမြို့ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် စကခ (၁၆) လက်အောက်ခံ တပ်ရင်း ၂ ရင်း ယခုရက် ပိုင်း အတွင်း ကချင် ပြည်နယ်သို့ ပို့ဆောင်ခဲ့ကြောင်း တရုတ်နယ်စပ် အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော က သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“စကခ ၁၆ အောက်က ခမရ ၅၂၂ ရယ် နောက်ထပ်တစ်ရင်းပေါ့။ ဒီရက်ပိုင်း ကချင်ဘက်ကိုကူး သွား တယ်။ မန့်ဝိန်းကြီး ဘက်က နေသွားလိုက်တယ်။ ဗမာတပ်ဘက်က အကျအဆုံးများနေတာလည်း ပါတယ်။ နောက်တစ်ခုက ထိုးစစ်အရှိန် ထပ် မြှင့်မယ့် အနေအထားလည်း ဖြစ်နိုင်တာပေါ့” ဟု သူက ဆိုသည် ။

အစိုးရတပ်များက ဒီဇင်ဘာလလယ်ပိုင်းမှစ၍ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO/ KIA ဋ္ဌာနချုပ် လိုင်ဇာမြို့အနီးတစ်ဝိုက်ရှိ KIA တပ်စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်နေရာ နှစ်ဘက် တိုက်ပွဲများ ယနေ့အထိ ပြင်းထန် နေဆဲ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိ နှစ်ဘက်တိုက်ပွဲ အခြေအနေနှင့် ပတ်သက်၍ KIA နှင့်အတူ တိုက်ပွဲဝင်နေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF အဖွဲ့မှ တပ်မှူး တစ်ဦးက “ဒီမနက် ရ နာရီလောက်က စပြီး လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်နေတယ်။ လဂျား ယန်တစ်ဝိုက် လိုင်ဇာတစ်ဝိုက် လျှောက်ပစ်နေတာပေါ့။ မနေ့ကတော့ လိုင်ဇာကိုကာထားတဲ့ ခါရာပို့စ်ကို သူတို့အင်အား အလုံးအရင်းနဲ့ တက်ထိုးတယ်။ လေယာဉ်နဲ့က ၂ ကြိမ်ပစ်တာပေါ့ လိုင်ဇာအပေါ်ကုန်း KIA စစ်ရုံးချုပ်ရှိတဲ့ အလင်းဘွန်ကိုလည်း ၀င်ပစ်သွားတယ်” ဟု ဆိုသည် ။

ထို့အပြင် ယင်းခါရာဘွမ်စခန်းအား ထိုးစစ်ဆင် တိုက်ခိုက်နေသည့် အစိုးရ တပ်မ ၁၀၁ လက်အောက်ခံ တပ်များ ယမန်နေ့က အကျအဆုံး များပြီး ရှေ့ဆက်မတိုးနိုင်ဘဲ ဆုတ်ခွာသွားကြောင်း ၎င်းက ဆက်ပြောသည်။

“တိုက်ပွဲက မနေ့ မနက်ပိုင်းကနေစဖြစ်တာပေါ့။ လေကြောင်းပစ်ကူက ညနေ ၂ နာရီ ၄၀ လောက်မှာ တစ်ကြိမ်၊ ၄ နာရီ လောက်မှာ တစ်ကြိမ် ပစ်ကူပေးတယ်။ သူတို့ဘက်က ၄၀ ကျော်လောက်ကျ သွားတယ်။ လက်နက်ခဲယမ်းတွေလည်း ရတယ်။ ရှေ့မတိုးနိုင်တော့လို့ မနေ့က ညနေပိုင်းမှာ တပ်တွေပြန် ဆုတ်သွားတယ်” ဟု ဆိုသည်။

သို့သော် ယင်းထိခိုက်ကျဆုံးမှုနှင့် ပတ်သက်၍ သီးခြားအတည်ပြုချက် မရရှိသေးပါ။

ယခုအခါ KIAကို ထိုးစစ်ဆင်တိုက်ခိုက်နေသည့် အစိုးရတပ်ရင်းပေါင်း ရာဂဏန်းကျော်ရှိနေပြီး မြစ်ကြီး နားမြို့ အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) လက်အောက်ခံတပ်များ အပြင် အခြား စစ်တိုင်းလက်အောက်ခံ တပ်ရင်းများနှင့် ပြည်မရှိ တပ်မ ၄ ခုခန့် ပါ၀င်ကြောင်း သိရသည်။