ကချင်အရေးမှာ ဘယ်သူကနှုတ်ပိတ်ပြီး ဘယ်သူက ဘာတွေလုပ်မှာလဲ

ကချင်အရေးမှာ ဘယ်သူကနှုတ်ပိတ်ပြီး ဘယ်သူက ဘာတွေလုပ်မှာလဲ
by -
သျှမ်းသံတော်ဆင့်

ဂျန္နဝါရီလ ရ ရက်ကနေ ၁၀ ရက်နေ့အထိ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ညီညွတ်သောတိုင်းရင်းသား လူမျိုး များ ဖက်ဒရယ်ကောင်စီ UNFC ကအစည်းအဝေးတရပ်ပြုလုပ်ခဲ့ပါတယ်။ အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စား လှယ်နဲ့တရားဝင်တွေ့ဆုံဖို့အတွက် ပြင်ဆင်တဲ့အစည်းအဝေးလို့သိရပါတယ်။ ဘာအကြောင်း တွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်လိုပြင်ဆင်ထားကြသလဲဆိုတာ သိရအောင် အစည်းအဝေးအပြီးမှာ သတင်းဌာနအသီးသီးက သတင်းထောက်တွေကနေ UNFC ရဲ့အတွင်းရေးမှူးချုပ် နိုင်ဟံသာကို မေးမြန်း ထားတာကို ပြန်လည်တင်ပြလိုက်ရပါတယ်။

UNFC ရဲ့အတွင်းရေးမှူးချုပ် နိုင်ဟံသာ

မေး။    ။ အစိုးရနဲ့စစ်တပ်ရဲ့သဘောထား ကိုဘယ်လိုမြင်ပါသလဲ။

ဖြေ။    ။ အစိုးရနဲ့စစ်တပ်မှာကွဲနေတဲ့အနေအထားရှိတယ် အစိုးရဘက်ကဆွေးနွေးချင်ပြီးတော့ တပ်ဖက်က ဖျက်လိုဖျက်ဆီးဆန္ဒနဲ့တိုက်နေသေးတာကိုတွေ့ရတယ်။

မေး။    ။ အခုလို ဖြစ်စဉ်ဟာ ငြိမ်းချမ်းရေးအတွက် အနှောင့်အယှက်ဖြစ်နေလား။

ဖြေ။     ။ ဟုတ်တယ် အများကြီးဖြစ်နေတယ်။

မေး။     ။ ဦးအောင်မင်းကနေ ထပ်မံတွေ့ဆုံဖို့ကမ်းလှမ်းလာတယ်လို့ကြားရတယ်။

ဖြေ။    ။ ဟုတ်တယ်။ ဦးအောင်မင်းနဲ့ လွန်ခဲ့တဲ့ နိုဝင်ဘာလထဲမှာ အလွတ်သဘောဘဲ ဆွေးနွေးခဲ့ ရတယ်။ နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းမှရမယ်ဆိုတာ ကျနော်တို့က တင်ပြတော့ သူတို့ က လက်ခံတယ်။ သူတို့လဲနိုင်ငံရေးနည်းနဲ့ဖြေရှင်းချင်တယ်။ အဲလိုဆန္ဒတူညီမှုအပေါ် ကျနော်တို့က တကယ်နိုင်ငံရေးဆွေးနွေးဖို့ Frame Work / Time Frame/ Agenda တို့အပေါ်မှာ သဘောထားပေး ထားတယ်။   သူတို့က ကျနော်တို့ကိုပြည်တွင်းမှာလာဆွေးနွေးစေချင်တယ်။ ကျနော်တို့ အဖွဲ့ဝင်တွေတချို့ကို သူတို့က  Black List ကြေငြာထားတယ်။ ကျနော်တို့ တပ်ဖွဲ့ဝင် တွေကို စစ်တပ်က တိုက်နေဆဲဖြစ်တယ်။ ဒါတွေကိုသူတို့မရုပ်သိမ်းသေးရင်ကျနော်တို့က သွားဖို့မသင့် သေးဘူး။ လုံခြုံရေးအရ စိတ်မချရသေးတဲ့အနေအထားမျိုးမို့လို့ ကျနော်တို့က မသွားတာဖြစ်ပါတယ်။ ကျနော်တို့တွေ့နိုင်တဲ့နေရာကိုဆွေးနွေးမယ် ဆိုပြီးပြန်ကြားလာတာတွေ့တယ်။

မေး။    ။ UNFC နဲ့ဆွေးနွေးရင် ကေအိုင်အိုနဲ့ဆွေးနွေးတာနဲ့အတူတူဘဲလို့သူပြောဖူးတယ်မဟုတ်လား။

ဖြေ။    ။ ဟုတ်တယ် ကျနော်တို့လဲသဘောတူတယ်။ UNFC နဲ့ဆွေးနွေးရင် ကေအိုင်အိုအပါ အဝင်ဖြစ် တယ်။ ကေအိုင်အိုနဲ့ဆွေးနွေးမှုတစိတ်တပိုင်း ပါဝင်သွားမယ်ဆိုတဲ့ဟာမျိုးလဲ ဖြစ်စေချင် တယ်။

မေး။    ။ ဒီလထဲမှာတွေ့ဖြစ်မယ်လို့ပြောတယ် ဘယ်နေ့လောက်ဖြစ်မှာလဲ။

ဖြေ။    ။ ဟုတ်တယ်ဒီလထဲမှာဖြစ်မယ်။ ဒါပေမယ့်ဘယ်နေ့လဲဆိုတာ ကျနော်တို့ကို ဦးအောင်မင်းက အကြောင်းမပြန်သေးဘူး။ နေရာကတော့ ထိုင်းနိုင်ငံထဲမှာ ဖြစ်မယ်။

မေး။    ။ ကေအိုင်အိုကိုထိုးစစ်ဆင်တဲ့အကြောင်းတွေဆွေးနွေးမှာလား။

ဖြေ။    ။ ဟုတ်တယ်။ ကေအိုင်အိုကိုထိုးစစ်ဆင်နေတာတွေရပ်တန့်ဖို့ အဲတာကိုပြောမယ်။

မေး။    ။ အစိုးရက နိုင်ငံရေးဆွေးနွေးမှုကိုရှောင်နေတယ်လို့ ပြောသံကြားနေတယ်။ ဘာကြောင့်သူက နိုင်ငံရေးဆွေးနွေးမှုကိုရှောင်ချင်တာလဲ။ တိုင်းရင်းသားတွေလိုချင်တာကိုသူ့အနေနဲ့မပေးချင်လို့ရှောင်တာလား။

ဖြေ။    ။ ဟုတ်တယ် ကျနော်တို့အဲလိုဘဲမြင်ပါတယ်။  နိုင်ငံလွတ်လပ်ရေးမရခင်က ဖဆပလ အနေနဲ့ အင်္ဂလိပ်တွေကိုတော်လှန်တုန်းက လွတ်လပ်ရေးရပြီးရင် တိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေကို တန်းတူညီမျှပေးမယ်။ ဗမာအပါအဝင်ပေါ့နော် အဲသလို သဘောတူညီထားကြတယ်။ ကတိတွေ ပေးထား ကြတယ်။ ပင်လုံစာချုပ်မှာလဲအဲလိုပြော ထားတယ်။ ဒါပေမယ့်လွတ်လပ်ရေးရပြီးနောက်ပိုင်း အဲဒါတွေ မပေးဘူး။ မပေးတဲ့အတွက် တိုင်းရင်းသားတွေကတောင်းဆိုတယ်။ အရေးယူမှုတွေရှိ လာ တယ်။ လက် နက်ကိုင်တော်လှန်မှုတွေရှိလာတယ်။ အဲဒီတော့တိုင်းရင်းသားတွေက သူတို့ရဲ့ရပိုင်ခွင့်ကို ရနိုင်ဖို့အတွက် နိုင်ငံရေးဆွေးနွေးခွင့်ကို အမြဲတမ်း အမြဲတမ်းတောင်းဆိုတယ်။ အစိုးရက ဘယ်တော့မှ နိုင်ငံရေးမဆွေး နွေးချင်ဘူး။ သဘောကတော့ ဒီအခွင့်အရေးကိုမပေးချင်တာဘဲ။

သူတို့အမြဲတမ်း ပြော နေတဲ့စကားက အနောက်ဘက်မှာလူဦးရေ သန်းထောင်ချီရှိတဲ့အိန္ဒိယ အရှေ့ဘက်မှာ သန်းထောင် ကျော် တဲ့တရုတ်။ အဲဒီ ၂ ခုကြားမှာဗမာပြည်က သေးသေးကျဉ်းကျဉ်းလေး။ ဒီထဲမှာ လူမျိုးပေါင်းစုံ ဘာသာ ပေါင်းစုံဖြစ်နေရင် အားမရှိဘူး လူမျိုးတမျိုးထဲဖြစ်ရမယ် ဆိုတဲ့ခံယူချက်တွေ သူတို့ဆီမှာရှိနေတယ်။ အဲတာ သဘော က တော့ ကျနော်တို့တိုင်းရင်းသားတွေကို အားလုံး ဗမာ ဖြစ်ရေးဆိုတဲ့ မဟာလူမျိုးကြီး ဝါဒ သူတို့လုပ် ဆောင်နေတယ်ဆိုတဲ့အပေါ်မှာ တကယ်လို့တွေ့ဆုံတယ်ဆိုရင် ကျနော်တို့က ကိုယ့် အခွင့်အရေးကို တောင်းမယ် သူတို့ကမပေးနိုင်ဘူး အဲသလို အခြေခံအမြင်တွေမတူကြဘူး။ အဲတာ ကြောင့် ဘဲ။ သဘော ကတော့ တိုင်းရင်းသားတွေတောင်းနေတဲ့အခွင့်အရေးကို စားပွဲခုံမှာ သူတို့က ရင်ဆိုင်ပြီးမဖြေရှင်း ချင်ဘူး။ ဖြေရှင်းရင် ဒါ သူတို့ဘက်ကမှားနေတယ် သူတို့ဘက်ကလွန်နေတယ် ဆိုတာ သူတို့ သိတယ်။ ဒါကြောင့် သူတို့ရှောင်နေတာပါလို့ ကျနော်က အဲလိုမြင်ပါတယ်။

မေး။    ။ ကချင်တိုက်ပွဲရပ်တန့်ရေးကိုဆွေးနွေးမယ်။ သို့ပေမယ့် မြန်မာ့တပ်မတော်က ထိုးစစ်ဆင်မှုကို မရပ်တန့်ဘဲ ဆက်လက်တိုက်ခိုက်နေဦးမယ်ဆိုရင် UNFC အနေနဲ့ တခြားနည်းလမ်းကိုသုံးပြီး   ဖြေရှင်း ရမယ်ဆိုတာကကော ဘယ်လိုနည်းလမ်းကိုဆိုလိုပါ သလဲ။လက်နက်ကိုင်တိုက်သွား မယ်ဆို တဲ့သဘော လား။

ဖြေ။    ။ အဲဒီကိစ္စကိုကျနော်တို့ လောလောဆယ် မဆုံးဖြတ်ရသေးဘူး ။ လာမယ့်အစည်းအဝေး တွေမှာ ဆွေးနွေး ပြီး တော့ ဆုံးဖြတ်သွားမယ်။ သဘောကတော့ ကျနော်တို့ ဦးအောင်မင်းနဲ့တွေ့ပြီးတော့ ပြောရဦးမယ်။ သူတို့တုန့်ပြန်တဲ့အပေါ်မှာဆက်ပြီးတော့ စဉ်းစားသွားမယ်။ လိုအပ်မှပေါ့လေ။ မလွဲ မရှောင်သာ လွန်းရင်တော့ စစ်ရေးနည်းနဲ့ပြန်တုန့်ပြန်သင့်ရင်လဲ ပြန်တုန့်ပြန်ရမယ်။ ဒါပေမယ့် ဒီနည်း ဟာဖြင့် အကျိုးမရှိဘူးလို့တော့မြင်တယ်။ နိုင်ငံရေးအရ ဖြေရှင်းခွင့်ရှိမယ်ဆိုရင်တော့ နည်းလမ်းရှာပြီး တော့မှ ဖြေရှင်းသွားမယ်။

မေး။    ။ နိုင်ငံတကာကို ကြားဝင်ဖြေရှင်းပေးစေချင်တယ်ဆိုတာကကော။

ဖြေ။    ။ အော်- နည်းပေါင်းစုံရှိပါတယ် နိုင်ငံတကာကို ကြားဝင်ပေးအောင်တောင်းဆို ဖို့က တချို့အနေ အထားမှာ  သူတို့ကနေကြားဝင်လို့ရပေမယ့် တချို့အနေအထားမှာကျတော့ စီးပွါးရေးအရ နိုင်ငံရေး အရ သူတို့အကျပ်ကိုင်တဲ့နည်းနဲ့ သူတို့လုပ်လို့ရတယ်။ ဒါပေမယ့် သူတို့က ဒီလိုအယူအဆ သူတို့ဟာ သူတို့ နားလည်မှုရှိရင် သူတို့ဟာသူတို့လုပ်နိုင်တဲ့နည်း လမ်းကပေါင်းစုံရှိတယ်။ ဘယ်ဟာကို အဓိက ထား လုပ်မလဲဆိုတာကို ကျနော်တို့မပြောနိုင်သေးပါဘူး။ ဥပမာ စီးပွါးရေးရင်းနှီးမြှုပ်နှံမှုကိုပိတ်ပင်မယ် နိုင်ငံရေးအရ အကျပ်ကိုင်မယ်။ နည်းပေါင်းစုံရှိတယ်လေ။ တဖက်က ကျနော်တို့ကိုကူညီမယ် စသဖြင့် လုပ်နိုင်တာပေါ့။ အတိအကျလို့တော့ မဆိုလိုပါဘူး။ သူတို့လုပ်သင့်တဲ့နည်းလမ်းလို့ဘဲဆိုတာပါ။

မေး။    ။ UNFC အနေနဲ့ အကူအညီတောင်းဆိုချင်တယ်ဆိုတာက ဘယ်လိုနိုင်ငံများကိုအဓိက ရည်ရွယ် ပါသလဲ။

ဖြေ။    ။ ဗမာအစိုးရကို အကျပ်ကိုင်နိုင်တဲ့နိုင်ငံတွေကတော့ အမေရိကန်တို့လို အီးယူတို့လို ဂျပန်နိုင်ငံ တွေတို့လို အင်အားကြီးနိုင်ငံတွေ နိုင်ငံရေးအရရော စီးပွါးရေးအရရော ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး လုပ်နိုင်တဲ့ အနေ အထားမှာပေါ့နော်။ အဲဒီနိုင်ငံတွေရဲ့တွန်းအားပေးမှုကိုသူတို့တော်တော်လေး အလေး ထားနေတယ်။ တကယ်လို့အဲဒီအရေးမှာလုပ်ဆောင်ပေးမယ်ဆိုရင်တော့ တော်တော်လေးထိရောက်မယ် လို့ ကျနော်မြင်ပါတယ်။

မေး။    ။ UNFC ရဲ့ ၂ နှစ်တာကာလမှ အောင်မြင်မှုတွေ ဘာတွေရခဲ့လဲ။

ဖြေ။    ။ ဒီနောက်ပိုင်းမှာတိုင်းရင်းသားတွေရဲ့ စုစည်းညီညွတ်မှုအထိုက်အလျောက်ရလာတာ။ နောက် နိုင်ငံတကာကရော၊ ပြည်တွင်းကနိုင်ငံရေးအင်အားစုတွေရော၊ ဒီမိုကရေစီ အင်အားစုတွေရော လူထု တွေရော ကျနော်တို့တိုင်းရင်းသားတွေရဲ့ လိုလားတောင်းဆိုမှုကို သူတို့နားလည်လာတယ်။ တိုင်းရင်း သားတွေရဲ့လိုချင်တဲ့ပြဿနာ တိုင်းရင်းသာတွေ ဖြစ်နေတဲ့ အဓိက ပဋိပက္ခကို မဖြေရှင်းနိုင်ရင် ကျနော် တို့တိုင်းပြည်ဘယ်တော့မှအေးချမ်းမှာမဟုတ်ပါဘူး။ ကျနော်တို့နိုင်ငံဟာ မတိုးတက်နိုင်ဘူးဆိုတာ အများစုက သိလာတယ်။ နားလည်လာတယ်။ ဒါတိုးတက်မှုလို့ကျနော်မြင်တယ်။ အခုနောက်ပိုင်း နိုင်ငံ တကာက ကျနော်တို့ UNFC ကိုအများကြီးအသိအမှတ်ပြုလာတယ်။ ဆွေးနွေးညှိနှိုင်းလာတယ်။ ဒါလဲ ရှိတယ်။ တချို့နိုင်ငံတွေက အခုလို ငြိမ်းချမ်းရေးဆွေးနွေးမှုတွေပေါ်လာတဲ့အပေါ် တပ်ပေါင်းစုံ ကနေ အကူအညီပေးလာတာရ်ှိတယ်။ ဥပမာ ဒုက္ခသည်တွေကိုအကူအညီပေးတယ်။ ဆက်ဆံရေးရုံး တွေကို အကူအညီပေးတယ်။ နောက်တွေ့ဆုံဆွေးနွေးဖို့ ဒီဝေါ့ခ်ရှော့ပ်တွေပေးပြီးတော့ အသိပညာ ဗဟုသုတ တွေ ပေးတာ။ တိုင်းရင်းသားညီလာခံတွေ အစည်းအဝေးတွေလုပ်ရင် အကူအညီပေးတာ အဲလိုဟာတွေ အများကြီးရှိလာတယ်။ ဒါ ကျနော်တို့ကိုနိုင်ငံတကာကပေးတဲ့အားပေး ကူညီမှုဘဲလို့ ကျနော်မြင်တယ်။

မေး။    ။ အားနည်းချက်တွေကော် ဘာတွေတွေ့ရလဲ။

ဖြေ။    ။ အားနည်းချက်ဆိုတော့ ကျနော်တို့အထဲမှာ အမြင်မတူတာအနည်းအကျဉ်းတော့ရှိတာပေါ့နော်။ အဖွဲ့အစည်းတခုချင်းထဲမှာလဲရှိတယ်။ UNFC ထဲမှာလဲရှိတယ်။ တချို့ကတော့အစိုးရရဲ့ဒီအပစ် အခတ် ရပ်စဲရေးနဲ့ ဒီငြိမ်းချမ်းရေးကိစ္စအပေါ်မှာ အယုံအကြည်  များနေတယ်။ တချို့လဲ ယုံကြည်မှုနဲ တယ်။ နောက်အရေးကြီးတဲ့ကိစ္စတခုက အခုလို ကချင်က တဖွဲ့တည်းအတိုက်ခံနေရတဲ့အပေါ် ကျနော် တို့ ဘက်က စစ်ရေးနည်းနဲ့ ဘက်ပေါင်းစုံကနေပြန်မတိုက်ကူနိုင်တဲ့ကိစ္စ ကျနော်တို့ရဲ့အားနည်းချက်လို့ ကျနော်တို့လဲမြင်တယ် အများလဲမြင်တယ်။  ဒါပေမယ့် အဲလိုပြန်တုန့်ပြန်မယ်ဆိုရင်လဲ ရထားတဲ့ နိုင်ငံရေးဆွေးနွေးချက်ကို အပျက်မခံချင်တဲ့ဆန္ဒတွေလဲ တချို့တော်တော်များများ တွေမှာရှိနေသေး တော့ ဒါကိုချိန်ဆပြီးတော့ လုပ်နေရတာပါ။

မေး။    ။ ကေအိုင်အိုကို သွားပြီး ကူညီတိုက်ခိုက်ဖို့ဆိုတာ ဒီ ၄ ရက်တာအစည်းအဝေးမှာကော ဆွေး နွေးဖြစ်သေးလား။

ဖြေ။    ။ မြောက်ပိုင်းမှာ ရခိုင်တို့ ပလောင်တို့ ကျောင်းသား ABSDF တို့ ပေါင်းပြီးတိုက်နေတာလဲ ရှိပါ တယ်။ နောက်သျှမ်းတွေနဲ့လဲ ဝိုင်းပြီးတော့ ခံတိုက်နေရတာကိုး။ တောင်ပိုင်းမှာအပစ်ခတ်ရပ်စဲမှုမှာ နဲနဲမြင့်တယ်လို့ပြောရမှာပေါ့ ။ အဲဒီကိစ္စကတော့ ဒီတောင်ပိုင်းမှာ လက်တွေ့တပ်ဖွဲ့တွေ ထပ်တိုက်မယ် ဆိုတဲ့ အနေအထားကတော့မရှိသေးဘူးပေါ့နော်။ တောင်ပိုင်းမှာ စစ်ရေးနည်းနဲ့ ဘယ်လိုမြင့်တင်နိုင် မလဲဆိုတာ ကျနော်တို့ အတွင်းမှာ အများကြီးဆွေးနွေးရဖို့ရှိပါသေးတယ်။

မေး။    ။ UNFC ထဲမှာ အဖွဲ့ဝင်တချို့ကလဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေကြတယ်။ တချို့လဲ စစ်တွေတိုက်နေရဆဲ တွေ့ရတယ်။ အမှန်ဆို UNFC ကနေတစ်သံတည်း မထွက်နိုင်ဘူးလား။

ဖြေ။    ။ ဒီလိုပါ။ တသံထည်းထွက်ဖို့ဆိုတာ အမြင်မတူတဲ့အပိုင်းတွေက ရှိနေသေးတာကိုး။ တူညီတဲ့ အပိုင်း လဲရှိတယ်။ နိုင်ငံရေးပြဿနာကိုဖြေရှင်းတဲ့နေရာမှာ တပြည်လုံးခြုံပြီး ဆွေးနွေးဖြေရှင်းဖို့ လိုတယ်။ အဲဒီမှာတိုင်းရင်းသားတွေ ကျနော်တို့အဖွဲ့အစည်းတွေအားလုံးပေါ့နော်UNFC အနေနဲ့ ဒါမှမဟုတ် ဒီ့ထက်ပိုကျယ်ပြန့်ဖို့က လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့အားလုံး  စုပြီးတော့ဆွေးနွေး ရမှာ။ အဲလိုမှပြေလည်နိုင်တယ်ဆိုတဲ့ ခံယူချက်ကတော့ တူညီကြတယ်။ အခိုင်အမာဘဲရပ် တည်နေကြ တယ်။

မေး။    ။ ဒီအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့နှုတ်ဆိတ်နေမှုကိုရော ပြောပြပေးပါဦး။

ဖြေ။    ။ ကျနော်တို့မြင်တာက သူက တဖက်က နိုင်ငံရေးပြဿနာကိုဖြေရှင်းနိုင်မယ့် နည်းလမ်းပေါ့နော်။ လက်ရှိ အစိုးရနဲ့ စစ်တပ်တွေနဲ့ နားလည်မှုရပြီးတော့ အနီးကပ်ပေါင်းသင်းပြီးတော့မှ ယုံကြည်မှု တည် ဆောက်မှု ခိုင်မာလာတဲ့အပေါ်မှာမှ အပြောင်းအလဲလုပ်လို့ရမယ်ဆိုတဲ့အနေအထားမျိုးနဲ့သူက ဝင်ပြီး တော့ ပူးပေါင်းနေတယ်။ ရွေးကောက်ပွဲဝင်တယ်။ အခု အထဲမှာရောက်နေတယ်။ ဝင်ပြီးတော့ ညှိနှိုင်း နေတယ်။ အဲဒီလမ်းစဉ်အရသူသွားနေတဲ့အနေအထားမျိုးမှာတဖက်က ကျနော်တို့ကိစ္စတွေမှာအတိုက် အခံဖြစ်နေတယ်။ ဒါကို သူက ဒီဘက်ကိုလျှော့ပြီးတော့မှ ဟိုဘက်ကို အားသွင်းနေတဲ့သဘော မျိုးတခုရှိ တယ်။ နောက်တဖက်က သူက တိုင်းရင်းသားမဟုတ်တော့ ကျနော်တို့ရဲ့ခံစားချက်တွေကို သူသိပ်နား မလည် ဘူး။ အပေါ်ယံအားဖြင့်တော့ သူနားလည်နိုင်တယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမရှိရင် ကျနော်တို့နိုင်ငံက ဘယ်လိုမှမအေးချမ်းနိုင်ဘူး ဆိုတာကိုတော့ သူသိတယ်။ ကျနော်တို့တိုင်းရင်းသား တွေ လို နာကျည်းမှုတော့ သူ့မှာ မရှိဘူးပေါ့။ ဒီတော့ သူ့မှာ အဓိက နဲ့ အရံပြဿနာ ကိုရွေးချယ်တဲ့ နေရာ မှာ ဒါကတော့ အစိုးရနဲ့ ပူးပေါင်းပြီးတော့မှ အေးအေးချမ်းချမ်းနဲ့ ဒါ နားလည်မှုခိုင်မာတဲ့ အပေါ် မှာ  လုပ်သွားရင် ပိုပြီးထိရောက်မယ်ဆိုတဲ့အမြင်မျိုးရှိနေလိမ့်မယ်လို့တော့ ယုံကြည်တယ်။

မေး။    ။ ခုတလောမှာ တိုင်းရင်းသားကိစ္စအတွက် အစိုးရက သူ့ကို တာဝန်မပေးလာလို့ သူနှုတ်ဆိတ်နေရ တယ် လို့ ပြောဆိုတဲ့အသံတွေ ထွက်လာပါတယ်။

ဖြေ။    ။ အော် အဲလိုလား။ အစိုးရကတာဝန်ပေးလာမှ လုပ်မယ်ဆိုတဲ့သဘောမျိုး အဲ့လိုဆိုရင်တော့ အစိုးရနဲ့ ဆန့်ကျင်ဘက်အမြင် မဖြစ်အောင် သူ တော်တော်လေး ထိန်းနေရတာဖြစ်မယ်။ အပျက်မခံ နိုင်ဘူး လို့မြင်ပါတယ်။

မေး။    ။ ၄ ရက်အစည်းအဝေးမှာ ဘယ်လိုဆုံးဖြတ်ချက်တွေရှိသလဲ။

ဖြေ။    ။ အဓိကက ကျနော်တို့လုပ်ငန်းတွေကို တိုးချဲ့မြင့်တင်သွားဖို့။ နိုင်ငံတကာဆက်ဆံရေး မှာရော ပြည်တွင်း ဆက်ဆံရေးမှာကော၊ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေ တိုင်းရင်းသားအင်အားစုတွေနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်လာဖို့၊ UNFC ရဲ့ အဖွဲ့ဝင်တွေရော အဖွဲ့ဝင်မဟုတ်တဲ့ လက်နက်ကိုင် အင်အားစုတွေနဲ့ နားလည်မှုရယူဖို့  နိုင်ငံတကာမှာထိုးဖောက်နေရာယူနိုင်ဖို့ စတဲ့ လုပ်ငန်းတွေကို ချမှတ် နိုင်ခဲ့တယ်။ ကေအိုင်အိုကိုလဲ ဘယ်လိုကူညီမှုပေးသင့်မလဲဆိုတာတွေကိုလည်း ပြောဆိုဆွေးနွေးခဲ့ကြတယ်။

Most read this week