သျှမ်းလူငယ် ရ၀ % က မိမိအမျိုးသားရေးဆိုင်ရာ ဗဟုသုတများမသိတော့

သျှမ်းလူငယ် ရ၀ % က မိမိအမျိုးသားရေးဆိုင်ရာ ဗဟုသုတများမသိတော့
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပို်င်းလားရှိုးမြို့တွင် သျှမ်းနှစ်သစ်ကူးပွဲတော်၌ ကျားခေါင်းပါတီမှ နှစ်သစ်ကူးအမှတ်တရ အဖြစ် သျှမ်းစာ ပေ နှင့် သျှမ်းပြည်ဆိုင်ရာ ဗဟုသုတမေးခွန်းများ အဆင့်သုံးဆင့်ဖြင့် ဉာဏ်စမ်းမေးခွန်းမေးမြန်းခဲ့ကြောင်း ရ၀ % ခန့် က အဖြေမှန်မသိကြကြောင်း လူငယ်အရေးမြင့်တင်သူ SNLD လူငယ်များက ပြောသည်။

ကျားခေါင်းလူငယ်များဆိုင်ရှေ့မှတဆင့် လားရှိုးသျှမ်းနှစ်သစ်ကူးပွဲမြင်ကွင်း (ဓါတ်ပုံ- Hseng Mong facebook မှ ကူးယူဖော်ပြသည်)

အဆိုပါ ဗဟုသုတဉာဏ်စမ်းအား နှစ်သစ်ပွဲတော်အခါသမယ လားရှိုးနှစ်သစ်ကူးပွဲတော်၌ ၃ ရက်လုံး လုပ်ပေးခဲ့ ကြောင်း၊ လက်ဆောင်ပေးနိုင်ရေးအတွက် စီးပွါးရေးလုပ်ငန်းရှင်အချို့ နှင့် ဝါသနာတူလူငယ်များက မတည်ငွေ ထည့်ကြကြောင်း၊ ဉာဏ်စမ်းမေးခွန်းအား အလွယ်ဆုံးအဆင့် - ‘သျှမ်းစာ ဗျည်း ဘယ်နှစ်လုံးရှိလဲ၊ လစ်ဟုမ့်မိုင်ပန်လုံ ဆိုတဲ့တေးသီချင်းကို ဘယ်သူက  ရေးသလဲ၊ ဘယ်သူကဆိုသလဲ၊ ကျိုင်းတုံဟော်နန်းကို ဘယ်နှစ်က  ဖျက်ဆီးလိုက်တာလဲ’ စသည်ဖြင့်  မေးမြန်းခဲ့ ကြောင်း၊ မေးခွန်းမဲလိပ်အား နှစ်ကြိမ်နှိုက်ခွင့်ပေးပြီး မှန်အောင်ဖြေပါက အမှတ်တရ လက်ဆောင်ပေး၍ မမှန်ပါက ဗဟုသုတဆိုင်ရာလက်ဆောင်အဖြစ် အဖြေမှန်အား ပြန်လည်ရှင်းပြခဲ့ကြောင်း၊ တနေ့တနေ့လာရောက်ဖြေဆိုသူ ရာဂဏန်းအနက် ရ၀ ရာခိုင်နှုန်းခန့် က မဖြေဆိုနိုင်ကြောင်း၊ သို့သော် ယခုကဲ့သို့ လုပ်ပေးခွင့်ရသည့်အတွက် ကျေနပ်မိကြောင်း နောက်အခြား ပွဲတော်၌လည်းထို့နည်းတူ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လားရှိုးမြို့ SNLD လူငယ် ပြောရေးဆိုခွင့်ရှိသူ စိုင်းလူက ပြောသည်။

“သျှမ်းရိုးရာမှာ နတ်တော်လဆန်း သျှမ်းနှစ်သစ်ကူးရောက်ရင် (လိန့်ဇိန်- အားကစား) (ကင်ဇိန်- ဆန်သစ် ကောက်သစ် လှူတယ်စားတယ်) (ပိုင်ဇိန်- အလှူဒါနတွေလုပ်တယ်) အဲဒီ ၃ မျိုးအမြဲတမ်းလုပ်ပါတယ်။ နှစ်စဉ် နှစ်တိုင်းလုပ်ပါတယ်။ ဒီတနှစ်တော့ ကျနော်တို့ ကျားခေါင်းပါတီအနေနဲ့ အားကစားကို အားအသုံးပြုခြင်း မဟုတ်ဘဲနဲ့ ဗဟုသုတဆိုင်ရာဉာဏ်စမ်း ကစားနည်းလေးပါ်။ ကစားချင်တဲ့သူတွေက မေးခွန်းကိုမဲနှိုက် ရလာတဲ့မေးခွန်းအပေါ် ဖြေပေးရတာပေါ့။ မှန်အောင် ဖြေနိုင်ရင် ဆုပေးတယ်။ မဖြေနိုင်ရင်လဲ  ကျနော်တို့က ပြောပြပေးတယ်။ အဲလိုဆိုရင် မဲနှိုက်တဲ့သူရော လာရပ်ပြီးနား ထောင် နေတဲ့သူတွေရော သိသွားတာပေါ့နော်။ ပညာပေးတာလဲ ဆိုနိုင်ပါတယ်။ ကျနော်တို့ ပါတီရံပုံငွ အတွက်တော့ အင်္ကျီတွေ သော့တွဲတွေပြက္ခဒိန်တွေ ရောင်းတယ်။” - ဟု လားရှိုးမြို့ ကျားခေါင်းပါတီပြောခွင့်ရ စိုင်းလူက သျှမ်းသံတော်ဆင့် အားပြောသည်။

ပညာပေးအားကစားနည်းတွင်မူ ဉာဏ်ရည်စမ်းအမေး အဖြေအတွက်  နိုင်ငံရေးမေးခွန်းကို အမြင့်ဆုံးမေး ခွန်းအဖြစ် ထားရှိပြီး အဆိုပါအောက်မှ အနုပညာ၊ ကျန်းမာရေး၊ စာပေ နှင့်ယဉ်ကျေးမှု၊ သမိုင်း အစရှိသည်တို့ ပါဝင်သည်ဟု ပါဝင် ကူညီသူ လူငယ်တဦးက ပြောသည်။

ကျားခေါင်းပါတီဝင်တဦးဖြစ်သော စိုင်းလူသည် ကျေးလက်ဒေသ မြို့ရွာအနှံ့သို့ ကိုယ်တိုင်ဆင်း၍ ကျေးလက်လူငယ်များ အား ပညာပေးရေးလုပ်ငန်း၌စွမ်းစွမ်းတမံလုပ်ဆောင်နေသည်ဖြစ်ရာ - Mobile Education Team များဖွဲ့၍ ဆက်လက် ကွင်းဆင်း လုပ်ဆောင် သွားဦးမည်ဖြစ်ကြောင်း၊ ပြည်သူမှဖြစ်လာ သော ပါတီတခုအနေဖြင့် ပြည်သူလူထုအား မမေ့ပါကြောင်း ပြောခဲ့သည်။

“ပြည်ပရောက်နေတဲ့  ပညာလေ့လာသင်ယူနေတဲ့သျှမ်းလူငယ်တွေကို သတိပေးချင်ပါတယ်။ ခင်ဗျားတို့ သင်ယူလေ့ လာခဲ့ တဲ့ ပညာတွေဟာ တန်ဖိုးကြီးမားလှပါပေတယ်။ ကျနော်တို့ သျှမ်းပြည်သားကျေးလက် လူထုတွေဟာ အသိပညာ ဗဟုသုတ နည်းပါးကြပါတယ်။ ဒါကြောင့်  ပြည်တွင်းမှာကျန်ခဲ့တဲ့ သျှမ်းပြည်သား တွေကိုပြန်လာပြီး မျှဝေပေးဖို့ တိုက်တွန်းချင်ပါတယ်။ ” ဟု ပြည်ပရောက် ပညာတော်သင်လူငယ်များအတွက် စိုင်းလူက တိုက်တွန်းသွားခြင်းဖြစ်သည်။

ယခုလ ၁၃ ရက်မှ ၁၅ ရက်အထိ လားရှိုးမြို့ ဆင်းရွှေလီခန်းမ၌ ကျင်းပသော သျှမ်းနှစ်သစ်ကူးပွဲတော်အတွင်း လားရှိုးမြို့ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် မှ လူငယ်များက ပါတီရံပုံငွေအတွက်လည်း ပါတီအမှတ်တရ ပစ္စည်းများ ရောင်းချကာ ရံပုံငွေရှာဖွေခဲ့ကြောင်း သိရသည်။

Most read this week