လက်နက်ကိုင်တိုက်ခိုက်ခြင်းကို နောက်ဆုံးမှ သုံးမည်ဟု RCSS/SSA ထုတ်ပြန်ကြေငြာ

လက်နက်ကိုင်တိုက်ခိုက်ခြင်းကို နောက်ဆုံးမှ သုံးမည်ဟု RCSS/SSA ထုတ်ပြန်ကြေငြာ
by -
သျှမ်းသံတော်ဆင့်

မြန်အစိုးရတပ်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ အပစ်ရပ် တနှစ်ပြည့် သက်တမ်းတလျှောက် မြန်မာအစိုးရတပ်ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်သာ တိုက်ပွဲဖြစ်ခဲ့ ရပြီး မိမိတို့ဘက်မှ ရွေးလမ်းမရှိမှသာ လက်နက်ကိုင် တိုက်ခိုက်မည်ဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်လိုက် သည်။

RCSS/SSA ခေါင်းဆောင် စဝ်ယွက်စစ်

အဆိုပါကြေငြာချက်ကို သျှမ်းနှစ်သစ်ကူးနေ့ဖြစ်သော ဒီဇင်ဘာ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး အပစ်ရပ်ခြင်း တနှစ်တာကာလအတွင်း ကောင်းကျိုး ဆိုးကျိုး များကိုလည်း ထည့်သွင်းဖော်ပြထားသည်။

ဆိုးကျိုးများမှာ အပစ်ရပ်ထားသော်လည်း အစိုးရက မပြတ် ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲ များဆက် တိုက်ဖြစ် ပေါ်နေခြင်းအပေါ် လူထုကော တပ်ထုပါ နားမလည်ဖြစ်ခဲ့ရ ကြောင်း၊ ယုံကြည်စိတ်ချမှု မရှိသဖြင့် သျှမ်းပြည် တပ်မ တော်ဘက်ကလည်း တိုက်ပွဲ ဆင်နွဲရေးအမြဲ အသင့်ပြင်ဆင်ထား ရကြောင်းဖော်ပြထားသည်။

အပစ်ရပ်ရေးကောင်းကျိုးမှာမူ လက်နက်ကိုင်တပ်ဖွဲ့များမှ ကိုယ်စားလှယ် စေလွှတ်ပြီး လူထုနှင့်တိုက်ရိုက် တွေ့ဆုံ နိုင်ကြောင်း၊ မြို့ပေါ်ကိုယ်စားလှယ်ရုံး ဖွင့်နိုင်သည့်အခွင့် အရေးရှိကြောင်း၊ ငြိမ်းချမ်းရေးတည်မြဲရေး အတွက် တွေ့ဆုံဆွေးနွေးမှုပြုနိုင်ကြောင်း စသဖြင့်ဖော်ပြထားသည်။    

အဆိုပါကြေငြာချက်တွင်- တခြားအဖွဲ့အစည်းတွေဝင်ထွက်ပြီးစည်းလုံးမှုတည်ဆောက်မည်၊ သျှမ်းပြည် ကံကြမ္မာကို သျှမ်းပြည်သားများမှ အဆုံးအဖြတ်ပေးနိုင်ဖို့ ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖေါ်ဆောင်မည်၊ လူထုအား ဒီမိုကရေစီ အကြောင်း ကွင်းဆင်းရှင်းပြမည်၊ မူးယစ်ဆေးဝါး တိုက်ဖျက်မည်၊ တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်နှင့် သျှမ်းလူထု အတွက် ငြိမ်းချမ်းရေးဖေါ်ဆောင်မည်  လက်နက်ကိုင် တိုက်ခိုက်သည့် လမ်းစဉ်ကို အဆုံးစွန် ရွေးလမ်းမရှိမှသာ သုံးမည် အစရှိသဖြင့် ပါရှိသော သျှမ်းပြည်တပ်မတော် RCSS/SSA ၏  လုပ်ငန်းစဉ် ၆ ချက်ကို ပါထုတ်ပြန်ကြေငြာထားသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည့်နောက် သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့နှင့် ၂၀၁၁ ဒီဇင်ဘာလ ၂ ရက်နေ့က အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သည်။

Most read this week