မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် မုံးဝီးကျေးရွာ ဒေသခံများဖြင့် ဖွဲ့စည်းထားသည့် လူငယ်ပြုပြင်ရေးအဖွဲ့က ရပ်ရွာအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို ဒီဇင်ဘာလ ၁၅ ရက်နေ့မှစ၍ အရှိန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
ယင်းလူငယ်အဖွဲ့မှ မုံးဝီးဒေသခံများကို ယခုလ ၁၂ ရက်နေ့က အစည်းအဝေးခေါ်ယူ ပြောကြားခဲ့ခြင်း ဖြစ်ပြီး အဆင့် ၃ ဆင့်ပါ အစီအစဉ်ဖြင့် တိုက်ဖျက်သွားမည် ဖြစ်ကြောင်း ကိုယ်တိုင်အစည်းအဝေး တက်ရောက်သူ မုံးဝီးဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“၁၂ ရက်နေ့ နံနက် ၉ နာရီခွဲမှာ မုံးဝီးလူငယ်ပြုပြင်ရေးအဖွဲ့က ရွာလုံးကျွတ်အစည်းအဝေးခေါ်တယ်။ ဒေသခံ ၃၅၀ ကျော် လောက်တက် တယ်။ ရဲတွေ ကျန်းမာရေး ဋ္ဌာနက တာဝန်ရှိသူတွေလည်းတက်တယ်။ ဒီအဖွဲ့က ဒီဇင်ဘာလ ၁၅ ရက်နေ့ ကနေစပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေကို အရှိန်မြှင့် လုပ်ဆောင်တော့မဲ့ အကြောင်း လူထုကို အသိပေးပြောသွားတယ်” ဟု ၄င်းဒေသခံက ပြောသည်။
၄င်းအဆင့် ၃ ဆင့်မှာ အသိပညာပေးခြင်း၊ ဆုပေး ဒဏ်ပေးစနစ်ကျင့်သုံးခြင်းနှင့် နောက်ဆုံးအနေဖြင့် တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဖမ်းဆီးကာ ရဲလက်သို့ အပ်နှံခြင်းတို့ ဖြစ်ကြောင်း သိရသည်။
အဆိုပါ လူငယ်ပြုပြင်ရေးအဖွဲ့ကို နိုဝင်ဘာလ နောက်ဆုံးအပတ်အတွင်းက စတင်ဖွဲ့စည်းခဲ့ရာ ယခုအခါ အဖွဲ့ဝင် ၆၀ ခန့် ရှိပြီး ဒေသခံများ၏ ထောက်ခံအားပေးမှုကို ရရှိနေကြောင်း သိရသည်။