သျှမ်းပြည်တောင်ပိုင်း စော်ဘွားမြို့တမြို့ဖြစ်သော မိုးနဲတွင် ယခုနှစ် သျှမ်းနှစ်သစ်ကူး ပွဲတော်ကို သျှမ်းစာပေ ယဉ်ကျေးမှုအဖွဲ့မှ ကမကထပြုကာ ဒေသခံလူငယ်အဖွဲ့ လူမှုရေးအဖွဲ့တော်တော်များများ ဦးဆောင်ကျင်းပသဖြင့် ယခင်နှစ်များထက် ထူးကဲစွာ စည်ကား ကြောင်း မိုးနဲဒေသခံများ ကပြောသည်။
“တည တည ၃၀၀၀ ထက်မလျော့ဘူးဗျ။ တော်တော်စည်တယ်ပြောရမယ်။ စတိတ်စင် ၃ စင်။ မိုးနဲမြို့တွင်းရပ်ကွက်တွေက ညတိုင်း ဆိုင်းဘုတ်ကိုင်ပြီး ပွဲကိုချီတက်ကြတယ်။ ရပ်ကွက်တိုင်း ဝတ်စုံဆင်တူ တွေဝတ်ကြတယ်။ ရပ်ကွက်တိုင်း အိုးစည်ဗုံမောင်း ပါရတယ်။ ဆိုင်းဘုတ်တွေတူကြတယ်။ စည်းလုံးညီညွတ်မှုကိုပြတာပေါ့ဗျာ” ဟု မိုးနဲသားတဦးကပြောသည်။
ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းက သျှမ်းနှစ်သစ်ကူးပွဲတော် ဖွင့်ပွဲကျင်းပရာ ၁၄ ရက်နေ့အထိ မဟာသုခ ချမ်းသာကြီးကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း၊ မုခ်ဦးဖွင့်ပွဲကို မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်၊ ပွဲတော်ကျင်းကရေးကော်မတီဥက္ကဌ ဦးထွန်းမြင့်၊ ပွဲတော်ကျင်းကရေးကော်မတီနာယက ဦးအောင်ဖေ တို့က ဖွင့်လှစ်ပေးပြီး ရိုးရာနှင့် သမိုင်းပြတိုက်ဖွင့်ပွဲကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းမောင်ကြီးနှင့် အဖွဲ့ကလည်းကောင်း၊ အကပဒေသာ စတိတ်စင်များကိုမူ ပွဲတော်ကျင်းပရေးကော်မတီအဖွဲ့ဝင် ဆရာဦးမျိုးသန့်နှင့်အဖွဲ့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကြောင်း ပွဲပရိသတ်တဦးက သျှမ်းသံတော်ဆင့်အားပြောသည်။
“အရင်နှစ်တွေတုန်းက ဆရာတော် သံဃာတော်တွေကနေ ဦးဆောင်ကျင်းပတယ်၊ ဒီနှစ်မှာတော့ မြို့နယ် သျှမ်းစာပေယဉ်ကျေးမှုအသင်းကနေ ဦးဆောင်ကျင်းပတယ်။ လူငယ်ထုနဲ့ လူမှုရေးအဖွဲ့အစည်းတွေ၊ ဆေခွန်ဟိုင်းဆိုတဲ့ လူငယ်အဖွဲ့၊ မြို့နယ်သာရေးနာရေးအဖွဲ့ အစရှိအဖွဲ့တွေက ဦးဆောင်လှုပ်ရှားတယ်ပေါ့။ နောက်တခု ဝုန်းမေတ္တာငွေစုငွေချေးအဖွဲ့ပေါ့။ ဆိုတော့ ဆရာတော် သံဃာတော်တွေကို နာယက နေရာမှာ ထားပြီး လူငယ်တွေက တိုင်ပင်ဆွေးနွေး ပြီးလုပ်တာပေါ့နော်” ဟု ဆိုသည်။
၁၂ ရက်နေ့မှ ပွဲပြီးသည့်နေ့အထိ နေ့စဉ် ညနေတိုင်း ဥယျာဉ်ရပ်ကွက်၊ နားခံရွာ၊ နမ့်မော်လေရွာ၊ နားလင်းရွာ၊ နမ့်မော်ဆုမ့်ရွာ၊ လွယ်လင်းရွာ၊ ပြင်ဦးရွာ၊ နမ့်သပြေရွာ၊ ကုန်းပေါင်းရွာတို့က မြို့၏အဓိကလမ်းမမှ ပွဲသို့ချီတက်ကြပြီး နားဟောင်ရပ်ကွက်၊ နောင်ကျော့ရပ်ကွက်၊ ကင်တုံရွာ၊ ဆိုင်းဖယ်ရွာ တို့က မြောက်ဘက်အရှေ့မြို့ပတ်လမ်းမှ ချီတက်ခဲ့ကြ၏။ တောင်ဘက်အရှေ့မြို့ပတ်လမ်းမှမူ လွယ်မြေရပ်ကွက် နောင်မိုင်းရွာ ဝမ့်ဟေ့ရွာတို့မှ ချီတက်ခဲ့ကြရာ စည်ကားလျက်ရှိကြောင်း မြို့ခံများကပြောကြသည်။
ကျေးလက်မှလာသည့် ပရိသတ်များအတွက်မူ ဦးသီလကျောင်း၊ ဆုတောင်းပြည့်စာသင်တိုက်၊ ဥယျဉ်ကျောင်းတိုက်၊ သာသနာ့ ပါလ စာသင်တိုက်၊ ဝါဆိုကျောင်းတိုက် တို့တွင် နေရာချပေးကြောင်း မိုးနဲမြို့သားက ဆိုသည်။
“စတိတ်စင် ၃ စင်ဆောက်တယ်။ ရိုးရာအက (ခေတ်ဟောင်းအငြိမ့်) အတွက်တစင်၊ ခေတ်သစ်တေး ဂီတ အတွက် တစင်နဲ့ အကအတွက် တစင်ဆောက်တယ်။ ပွဲတော်နောက်ဆုံးရက်မှာ အကပြိုင်ပွဲမှာ ဆုရတဲ့သူ၊ အားကစားပြိုင်ပွဲမှာ အနိုင်ရတဲ့သူတွေအပြင် နွေရာသီသျှမ်းစာသင်တန်းကျောင်းက သင်တန်းသား ၆၀၀ ကျော်ကို ဆုချီးမြင့်တယ်။ ဆွမ်းကပ်၊ ဧည့်ခံကျွေးမွေး တရားနာတယ်။ ဒီနှစ်တော့ ပွဲက စည်ကားသိုက်မြိုက်လှပါတယ်။ အေးအေးချမ်းချမ်းနဲ့ ပြီးတဲ့အထိ ကျင်းပနိုင်ခဲ့ပါတယ်” ဟု ဆိုသည်။
သျှမ်းပြည်တွင်း မြို့နယ်အသီးသီး၌အပြင် တရုတ်နယ်စပ် ရွှေလီ၊ တရုတ်ပြည် ယူနန်ပြည်နယ် တိုင်ခုံးကိုယ်ပိုင်အုပ်ချုပ်ရေးတိုင်း မန်စီ (မိုင်းခွန်)တွင်လည်း အကြီးအကျယ်ပွဲကျင်းပခဲ့ကြောင်း၊ အလားတူ အိန္ဒိယနိုင်ငံ အာသံပြည်နယ်ရှိ ဖာကေးသျှမ်းမျိုးနွယ်စုပင် သျှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပခဲ့ကြကြောင်း ကြားသိရသည်။ တန်ဆောင်မုန်းလကွယ်- နတ်တော်လဆန်း ၁ ရက်နေ့တွင် သျှမ်းနှစ်ကူးဖြစ်၍ ယခုနှစ်သည် သျှမ်းသက္ကရာဇ် ၂၁၀၇ ခုနှစ်အတွင်း သို့ရောက်ရှိခဲ့ပြီဖြစ်သည်။