သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ခေါ် သျှမ်းပြည်တပ်မတော် RCSS/ SSA မှ ဖမ်းဆီးရမိသော ယာဘဆေးပြား ခုနှစ်သောင်းကျော်ကို ယခု အပတ်တနင်္ဂနွေနေ့က တရုတ်အစိုးရထံ လွှဲအပ်ပေးလိုက် ပြီဖြစ်ကြောင်း သျှမ်းပြည်မြောက် ပိုင်းသတင်းရပ်ကွက်ကဆိုသည်။
တရုတ်နိုင်ငံသို့ ယာဘနှင့်မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်သော တန့်ယန်း မိုင်းကောင် ပြည်သူ့စစ်အဖွဲ့ ဝင်အား သျှမ်းပြည်တပ်မတော်၏ နမ့်ခမ်းမြို့ တရုတ်နယ်စပ်အခြေစိုက် အမှတ် ရ၀၁ စစ်ဒေသမှဖမ်းဆီးရမိ ခဲ့ပြီး မူးယစ်ဆေးဝါးများအား ဒီဇင်ဘာ ၉ ရက်နေ့က အခမ်းအနားဖြင့် တရုတ်အစိုးရထံသို့ လွှဲပြောင်းပေး ခဲ့သည်ဟု RCSS/ SSA အမှတ် ရ၀၁ တပ်မှူးတဦးက ပြောသည်။
“ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီခွဲက ကျနော်တို့ တရုတ်အစိုးရလက်ကို အပ်လိုက်ပြီ။ မြို့ခံလူထုကို ဖိတ်ခေါ်ပြီး သက်သေ လုပ်ခိုင်းတယ်။ ယာဘအပြားပေါင်း ရ သောင်း နဲ့အတူ ဖမ်းမိပစ္စည်းတွေပေါ့။ ဒီမူးယစ်ဆေးတွေ သယ်ပေးတဲ့လူက ဦးစိုင်းလူ ခေါ် အိုက်လွယ်ဆုံ ။ မိုင်းကောင် လားဟူအထူးတိုက် ခိုက်ရေးရဲ/ ဌာနေပြည်သူ့စစ် တပ်ဖွဲ့ကထောက်ခံစာနဲ့သွားလာတာတဲ့” ဟု အမည်မဖော်လိုသည့် RCSS/ SSA တပ်မှူးတဦးကပြောသည်။
စိုင်းလူအား နိုဝင်ဘာလ ၉ ရက်နေ့က မီဇူဘီရှီ ဗင်ကားတစီးနှင့်အတူ ယာဘအပြားပေါင်း ရ၀,၀၀၀ ဖြင့် သျှမ်းပြည်တပ်မ တော်က နမ့်ခမ်းမြို့နယ်အတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ၎င်းသည် လားဟူအထူးတိုက်ခိုက်ရေးရဲ/ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ခေါင်းဆောင် ဦးကျာညီး (ဂျညီး) နှင့် စီးပွါး/ ဆက်ဆံရေးတာဝန်ခံ ခွန်ညွန့်တို့၏ ထောက်ခံချက် လက်မှတ်ကိုကိုင်ဆောင်ကာ ယာဘများ သယ်ဆောင်ပေး ခဲ့ခြင်း ဖြစ်သည်ဟု ထွက်ဆိုကြောင်း အဆိုပါတပ်မှူးကပြောသည်။
“သူက မိုင်းရယ်ကနေ လားရှိုး သိန္နီ ကွတ်ခိုင် ၁၀၅ မိုင်ဂိတ်ကိုတောင် ဖြတ်သန်းလာနိုင်ခဲ့တယ်။ မိုင်းကောင်အဖွဲ့ထဲက ပစ္စည်းကို သယ်ပေးတာလို့တော့ ထွက်ချက်ပေးတာဘဲ” ဟုဆိုသည်။
တန့်ယန်းမြို့နယ် မိုင်းကောင်အခြေစိုက် ဂျညီးနှင့် ဂျကွယ်တို့ဦးဆောင်သော ပြည်သူ့စစ်တပ်ဖွဲ့သည် မြန်မာအစိုးရ၏ စစ်တိုင်းမှူး၊ တပ်ရင်းမှူး များနှင့်အထူး ရင်းနှီးဝင်ရောက်ခဲ့ကြသည်ဖြစ်ရာ အခွင့်အရေးများ အထူးရရှိကာ တန့်ယန်း မိုင်းရယ် မြို့နယ်အတွင်း လှုပ်ရှားနေခဲ့သည့် ဌာနပြည်သူ့စစ်အဖွဲ့ဖြစ်သည်။